နာမည်ကြီး ဂိုဏ်းစတား ဖာအိဒ် ထွက်ပြေးနိုင်ရန် လက်နက်ကိုင်အချို့က ကူညီပေးခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီဒေသရှိ အကျဉ်းထောင်တစ်ခုကနေ နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ လူဆိုးဂိုဏ်းဝင်တစ်ဦး ရဟတ်ယာဉ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ နာမည်ကြီး ဂိုဏ်းစတား ရီဒိုနီ ဖာအိဒ်ကို ထောင်မှထွက်ပြေးနိုင်ရန် လက်နက်ကိုင်အချို့က ကူညီပေးခဲ့ကြပါတယ်။

နာမည်ကြီး ဂိုဏ်းစတား ရီဒိုနီ ဖာအိဒ်



လက်နက်ကိုင်တွေက လုံခြုံရေးအစောင့်တွေကို အကျဉ်းထောင်ဝင်ပေါက်သို့ လမ်းကြောင်းလွဲစေရန် ဖန်တီးခဲ့ကြစဉ်မှာ ရဟတ်ယာဉ်တစ်စီးက အကျဉ်းထောင်ဝင်းအတွင်း ဆင်းသက်ခဲ့ပြီး ဖာအိဒ်ကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ရဟတ်ယာဉ်ဟာ အကျဉ်းထောင်အနီးရှိ Gonesse ဒေသသို့ ပျံသန်းသွားခဲ့ပြီး ဒေသခံရဲတပ်ဖွဲ့က ရဟတ်ယာဉ်ကို ရှာဖွေတွေ့ခဲ့ပါတယ်။ အသက် ၄၆ နှစ်အရွယ် နာမည်ကြီး လူဆိုးဂိုဏ်းဝင် ဖာအိဒ်ဟာ မအောင်မြင်တဲ့ ဘဏ်ငွေပို့ကားတစ်စီးကို တိုက်ခိုက်လုယက်မှုအတွက် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရသူဖြစ်ပါတယ်။

အကျဉ်းထောင်ကနေ ဖာအိဒ် ထွက်ပြေးရာမှာ အသုံးပြုခဲသည့် ရဟတ်ယာဉ်



ထိုဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦး အသတ်ခံခဲ့ရပါတယ်။ ဖာအိဒ် ထောင်မှထွက်ပြေးခြင်းဟာ ဒုတိယအကြိမ်လည်း ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ ဖာအိဒ်ဟာ ၂၀၁၃ ခုနှစ်မှာလည်း အကျဉ်းထောင်စောင့် လေးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီးနောက် ထောင်းတံခါးကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ဖူးပါတယ်။

ထိုစဉ်က ဖာအိဒ်ဟာ ပြင်သစ်မြောက်ပိုင်းရှိ အကျဉ်းထောင်ကိုရောက်ရှိလာပြီး နာရီဝက်မပြည့်မီမှာပင် ထွက်ပြေးသွားခဲ့ကာ သီတင်းခြောက်ပတ်ကြာ လွတ်မြောက်နေခဲ့ကြောင်း သိရပါတယ်။

ဖာအိဒ်က ပါရီဆင်ခြေဖုံးတွေမှာ ရာဇဝတ်မှုတွေ မြင့်တက်လာမှုနဲ့ ဥပဒေချိုးဖောက်သူတစ်ဦး ဖြစ်လာခဲ့တဲ့ ၎င်းရဲ့ အတွေ့အကြုံတွေကို ၂၀၀၉ ခုနှစ်အတွင်း စာအုပ်တစ်အုပ် ရေးသားခဲ့ဖူးပါတယ်။

ဖာအိဒ် ထွက်ပြေးရာမှာ အသုံးပြုခဲ့ပြီး စွန့်ပစ်ခဲသည့်ကား



ထိုစာအုပ်မှာ ဖာအိဒ်က ရာဝတ်မှုတွေကို စွန့်လွှတ်ခဲ့ပြီလို့ ပြောထားခဲ့ပေမဲ့ နောက်တစ်နှစ်အကြာမှာတော့ မအောင်မြင်ခဲ့တဲ့ ဘဏ်ကားကို တိုက်ခိုက်လုယက်မှုတစ်ခုမှာ ပါဝင်ခဲ့ကာ Seine-et-Marne ဒေသ Réau မှာရှိတဲ့ အကျဉ်းထောင်တစ်ခုမှာ ထောင်ဒဏ်ကျခံနေရတာ ဖြစ်ပါတယ်။

ယခုတစ်ကြိမ်မှာ ဖာအိဒ်နဲ့ ၎င်းရဲ့အပေါင်းအပါတွေက အကာအရံမရှိတဲ့ အကျဉ်းထောင်ဝင်းနေရာကနေ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရပါတယ်။

ဖာအိဒ် ထွက်ပြေးလွတ်မြောက်နိုင်ရန် ကူညီခဲ့တဲ့ လက်နက်ကိုင်တွေက ၎င်းကို ဧည့်သည်တွေ့ဆုံတဲ့ အခန်းကနေ ခေါ်ထုတ်သွားခဲ့ပြီး ရဟတ်ယာဉ်ဖြင့် ထွက်ပြေးနိုင်ရန် ကူညီခဲ့ကြတာဖြစ်ပါတယ်။

ရဟတ်ယာဉ်ကို သိမ်းဆည်းခဲ့စဉ်



ဧည့်သည်တွေ့ဆုံတဲ့ အခန်းထဲမှာ ဖာအိဒ်က ၎င်းနဲ့ ညီအစ်ကိုတော်စပ်သူ ဘရာဟမ်နဲ့ စကားပြောနေခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ် ရုပ်မြင်သံကြားသတင်းဌာန BFMTV က သတင်းဖော်ပြမှုအရ မျက်နှာဖုံးအုပ်ထားပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်တွေက အကျဉ်းထောင်အတွင်းသို့ တနင်္ဂနွေနေ့ (ဇူလိုင် ၁ ရက်) ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ ထိုးဖောက်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် ဖာအိဒ်ရဲ့ အချက်အလက်များ



၎င်းတို့က အစောပိုင်းမှာ Fontenay-Trésigny ရှိ လေကြောင်းပျံသန်းမှု သင်တန်းကျောင်းတစ်ခုမှ ရဟတ်ယာဉ်မောင်း နည်းပြတစ်ဦးကို ဓားစာခံအဖြစ် ရဟတ်ယာဉ်မောင်းနှင်စေကာ ခေါ်ဆောင်လာခဲ့ကြပါတယ်။ ဖာအိဒ်ကို အကျဉ်းထောင်ကနေ ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်စေခဲ့ပြီးနောက်မှာ အဆိုပါ ရဟတ်ယာဉ်မောင်း နည်းပြဖြစ်သူကို ပြန်လွှတ်ပေးခဲ့ကြပါတယ်။

ဖာအိဒ်ကို ၎င်းရေးသားခဲသည့် စာအုပ်ကြော်ငြာနှင့်အတူ တွေ့ရစဉ်



ရဟတ်ယာဉ်မောင်း နည်းပြဖြစ်သူဟာ ထိတ်လန့်တုန်လှုပ်နေပြီး ၎င်းကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဂိုဏ်းစတားဖာအိဒ်က အကျဉ်းထောင်ကနေ ရဟတ်ယာဉ်ဖြင့် လွတ်မြောက်လာခဲ့ပြီးနောက် အနက်ရောင် Renault Megane ကားတစ်စီးဖြင့် ဆက်လက် ထွက်ပြေးသွားကြောင်းလည်း သိရပါတယ်။

ဖာအိဒ် ထွက်ပြေးလွတ်မြောက်သွားသည့် ပြင်သစ်အကျဉ်းထောင်



နောက်ပိုင်းမှာ အဆိုပါကားကို ပါရီဆင်ခြေဖုံးဒေသ Aulnay-sous-Bois ရှိ ဈေးဝင်စင်တာ ကားပါကင်တစ်ခုမှာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အကျဉ်းထောင်ကနေ ရဟတ်ယာဉ်ဖြင့် ထွက်ပြေး လွတ်မြောက်သွားတဲ့ ဖာအိဒ်ကို ပါရီဒေသတစ်ခုလုံးမှာ လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။

"ဒီ ဝရမ်းပြေး တည်နေရာကိုသိဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေပါတယ်" လို့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ဟောလိဝုဒ် ဂိုဏ်းစတားရုပ်ရှင်ကို အားကျအတုခိုးသူ ဖာအိဒ်

၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဖာအိဒ်ဟာ ပါရီဒေသရဲ့ နာမည်ဆိုးဖြင့်ကျော်ကြားတဲ့အရပ်မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ ဖာအိဒ်က ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပါရီမြို့မှာ လက်နက်ကိုင် တိုက်ခိုက်လုယက်မှုနဲ့ ခြောက်လှန့်တောင်းယူမှုတွေ ကျူးလွန်ခဲ့တဲ့ လူဆိုးဂိုဏ်းကို ဦးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုအချိန်မတိုင်မီမှာ ဖာအိဒ်က ၎င်းရဲ့လူမှုဘဝဟာ မင်းသား အယ်လ်ပါစီနို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Scarface အပါအဝင် ဟောလိဝုဒ်ဂိုဏ်းစတား ရုပ်ရှင်တွေအတိုင်း အတုခိုးထားခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဖာအိဒ်က ဟောလိဝုဒ်မင်းသား ရောဘတ်ဒီနဲရိုး ဇာတ်ကားတွေနဲ့ အမေရိကန်ဒါရိုက်တာ မိုက်ကယ်မန်း ရိုက်ကူးတဲ့ သည်းထိတ်ရင်ဖို ရာဇဝတ်မှုဇာတ်ကားတွေကို ကြိုက်နှစ်သက်သrူဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့ Heat ရုပ်ရှင်ဇာတ်ကား



၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကျော် ဂိုဏ်းစတားဇာတ်ကား Heat ကို ဒါရိုက်တာ မိုက်ကယ်မန်းက ရိုက်ကူးခဲ့ပြီး မင်းသားရောဘတ်ဒီနဲရိုး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပါရီမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်တစ်ခုအတွင်း ဖာအိဒ်က ဒါရိုက်တာ မိုက်ကယ်မန်းထံကို ချဉ်းကပ်ခဲ့ပြီး "ဆရာက ကျွန်တော့်ရဲ့ နည်းစနစ်အကြံပေးပါပဲ" လို့ ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဖာအိဒ်က ဒါရိုက်တာ မိုက်ကယ်မန်းရဲ့ ဇာတ်ကားကို အကြိမ်ပေါင်း ဒါဇင်နဲ့ချီ ကြည့်ရှုခဲ့ပြီး ဘဏ်ဓားပြတစ်ဦးအဖြစ် ၎င်းရဲ့ အရည်အချင်း ကောင်းမွန်စေရန် လုပ်ဆောင်ခဲ့ကြောင်းလည်း ပြောခဲ့ဖူးပါတယ်။

ဖာအိဒ်ရဲ့ ထောင်ဒဏ်များ

- ဖာအိဒ်က ၁၉၉၈ ခုနှစ်မှာ လက်နက်ကိုင်လုယက်မှုနဲ့ ဘဏ်မှငွေခိုးမှုတို့ဖြင့် ဖမ်းဆီးခံရပြီးနောက် ထောင်ကျလိုက် ပြန်လွတ်လိုက်ဖြင့် သံသရာလည်နေခဲ့ပါတယ်။

- ၂၀၀၉ ခုနှစ်မှာ လူကောင်းတစ်ဦးအဖြစ် နေထိုင်တော့မယ်လို့ ခံဝန်ကတိပြုခဲ့မှုဖြင့်  ပြစ်ဒဏ်မစေ့မီ လွတ်မြောက်ခဲ့ပါတယ်။ သို့သော် ၂၀၁၁ ခုနှစ်မှာတော့ ၎င်းရဲ့ ခံဝန်ကတိကို ချိုးဖောက်ခဲ့ပြီး ထောင်ထဲကိုပြန်ရောက်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ဖာအိဒ် ထွက်ပြေးခဲ့စဉ်က ဖောက်ခွဲဖျက်ဆီးခဲသည့် ထောင်တံခါး



- ၂၀၁၃ ခုနှစ်မှာ လိုင်လီမြို့အပြင်ဘက်ရှိ Séquedin အကျဉ်းထောင်ကနေ ထောင်ဖောက်ထွက်ပြေးမှုကြောင့် ၂၀၁၇ ခုနှစ်အတွင်း ဖာအိဒ်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၀ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး အမျိုးသမီးရဲတစ်ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်လုယက်မှုကို ကြိုးကိုင်စီစဉ်ခဲ့မှုဖြင့်လည်း ဖာအိဒ်ကို ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခဲ့ပါတယ်။

- ဖာအိဒ်က ပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ပေမဲ့ တရားရုံးက ပယ်ချခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းမှာတော့ မအောင်မြင်ခဲ့တဲ့ တိုက်ခိုက်လုယက်မှုအတွက် ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂၅ နှစ် ကျခံစရေန် ဖာအိဒ်ကို အမိန့်ချခဲ့ပါတယ်။ ယခု အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားစဉ် ဖာအိဒ်ဟာ အဆိုပါ ထောင်ဒဏ်ကို ကျခံနေရတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က