ဇူလိုင် ၂ ရက် ညပိုင်းမှာ ဗြိတိန်ရေငုပ်သမားတွေက ပြန်ရှာတွေ့ခဲ့ပါတယ်။

မယ်ဆိုင်ဂူထဲမှာ ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီး ၁၀ ရက်မြောက် ညပိုင်းမှာ ပြန်ရှာတွေ့ခဲ့တဲ့ ထိုင်းလူငယ်အုပ်စုဟာ ဂူအပြင်ကိုပြန်ထွက်နိုင်ရေးအတွက် ရေငုပ်သင်ကြားရန် သို့မဟုတ်ပါက ဂူအတွင်းမှရေများ ပြန်ကျသွားချိန်အထိ လနဲ့ချီစောင့်ဆိုင်းရန် လိုအပ်နိုင်ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။



ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မှာရှိတဲ့ Tham Luang ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ဘောလုံးအသင်းသား ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ နည်းပြဖြစ်သူကို ယမန်နေ့ (ဇူလိုင် ၂ ရက်) ညပိုင်းမှာ ဗြိတိန် ကယ်ဆယ်ရေးအဖွဲ့မှ ရေငုပ်သမားတွေက ပြန်ရှာတွေ့ခဲ့ပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ဂူအတွင်း ရေများမြင့်တက်လာမှုကြောင့် အခက်အခဲတွေ ရှိနေပါတယ်။ ဂူအတွင်း အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ပြီဖြစ်တဲ့ ထိုင်းလူငယ်အုပ်စုထံကို အစားအစာနဲ့ ဆေးဝါးအကူအညီများ ပို့ဆောင်ပေးနေကြောင်း သိရပါတယ်။

ထိုင်းစစ်တပ်ရဲ့ ပြောကြားမှုအရ လူငယ်အုပ်စုထံသို့ အနည်းဆုံး ၄ လစာအတွက် အစားအစာများ ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ ဂူထဲမှာ ပျောက်ဆုံးနေတဲ့ ထိုင်းလူငယ်တွေကို ရှာဖွေနေမှုကို ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ ထိုင်းလူငယ်အုပ်စုကို ရှာဖွေတွေ့ရှိခဲ့တဲ့သတင်းကြောင့် မိသားစုဝင်တွေနဲ့အတူ ကမ္ဘာတစ်ဝှမ်းမှ စောင့်ကြည့်နေသူတွေလည်း ပျော်ရွှင်ခဲ့ကြပါတယ်။



ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မှာရှိတဲ့ Tham Luang ဂူဟာ အတွင်းပိုင်းမှာ ရှုပ်ထွေးတဲ့ ဥမင်လမ်းကြောင်းများရှိပြီး မိုးရာသီကာလမှာ ဂူအတွင်း ရေကြီးနေလေ့ရှိပြီး စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအထိ ကြာမြင့်တတ်ကြောင်း သိရပါတယ်။

ထိုင်းလူငယ်အုပ်စုကို ဂူအတွင်းမှရေများ ပြန်ကျသွားမယ့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလမတိုင်မီ ဂူအပြင်သို့ပြန်ခေါ်ထုတ်ပါက ၎င်းတို့ဟာ ရေငုပ်နည်းသင်ကြားရမှာ ဖြစ်ပါတယ်။ ၎င်းတို့ရောက်ရှိနေတဲ့နေရာမှ ဂူအပြင်ကို ရေငုပ်ပြီးပြန်ထွက်ရာမှာ မြင်နိုင်စွမ်းမရှိတဲ့ ရွှံ့ရေများအောက်ကနေ အန္တရာယ်ရှိ ထောင့်ချိုးနေရာတွေကို ငုပ်လျှိုးဖြတ်သန်းရမယ်လို့ သိရပါတယ်။



ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ Tham Luang ဂူအတွင်း ဝင်ရောက်သွားခဲ့ကြတဲ့ ထိုင်းလူငယ်အုပ်စုကို ပြန်ရှာတွေ့ခဲ့တဲ့ နေရာဟာ ဂူပေါက်ဝကနေ ၂ မိုင်ခွဲနီးပါး အကွာအဝေးမှာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ထိုင်းလူငယ်အုပ်စုကို ဂူအပြင်သို့ပြန်ခေါ်ထုတ်ရန် အစီအစဉ်များ ရေးဆွဲပြင်ဆင်နေပါတယ်။

အစောပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လူငယ်အုပ်စုကို Tham Luang ဂူအတွင်း ပတ္တရားကမ်းခြေ (Pattaya Beach) ခေါ် ရေလွတ်ကင်းတဲ့နေရာမှာ ရှိနေမယ်လို့ ခန့်မှန်းယူဆထားခဲ့ကြပါတယ်။ သို့သော် ယခု ၎င်းတို့အုပ်စုကို ပြန်ရှာတွေ့တဲ့နေရာဟာ မူလခန့်မှန်ထားတဲ့နေရာနဲ့ ကိုက် ၄၄၀ အကွာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။



"သူတို့အားလုံး ဘေးကင်းလုံခြုံပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့မစ်ရှင် မပြီးသေးပါဘူး၊ ကျွန်တော်တို့မစ်ရှင်က ရှာဖွေကယ်ဆယ်ပြီး ပြန်ခေါ်လာဖို့ပါ၊ အခု သူတို့ကို ပြန်ရှာတွေ့ပါပြီ၊ နောက်ထပ် လုပ်ဆောင်သွားရမှာကတော့ သူတို့အားလုံးကို ဂူအပြင်ရောက်အောင်ခေါ်လာပြီး အိမ်ပြန်ပို့ပေးဖို့ပါ" လို့ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ဇူလိုင် ၂ ရက် ညပိုင်းမှာ ပြောခဲ့ပါတယ်။

 

ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ထိုင်းလူငယ်အုပ်စု

- အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးဟာ Moo Pa သို့မဟုတ် Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားများဖြစ်ပါတယ်။

- အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြမှာ Ekkapol Janthawong ဖြစ်ပြီး ယောက်ျားလေးအုပ်စုကို တစ်ခါတရံ တစ်နေ့တာ ခရီးတိုများ ခေါ်ဆောင်သွားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်မှာလည်း ယခု ဂူထဲသို့ပင် သွားလာခဲ့ကြဖူးပါတယ်။

- ဂူထဲမှာ ပျောက်နေခဲ့တဲ့ လူငယ်အုပ်စုမှာ အသက်အငယ်ဆုံးအဖြစ် အသက် ၁၁ နှစ်အရွယ် Chanin "Titan" Wibrunrungrueang ခေါ် ဘောလုံးအသင်းသားလည်း ပါဝင်ခဲ့ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ဘောလုံးကစားခဲ့သူ ဖြစ်ပါတယ်။



- Wild Boar ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်မှာ အသက် ၁၃ နှစ်အရွယ် Duangpet "Dom" Promtep ဖြစ်ပြီး ၎င်းက ဘောလုံးအသင်းကို စိတ်ဓာတ်တက်ကြွအောင် ဦးဆောင်လှုံ့ဆော်နိုင်ပါတယ်။

- ဘောလုံးအသင်းရဲ့ နည်းပြချုပ်ဖြစ်သူ Nopparat Kantawong ကတော့ ဂူထဲကိုသွားရောက်တဲ့ ခရီးစဉ်မှာ လိုက်ပါခဲ့ခြင်းမရှိပါဘူး။ Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားတွေဟာ တစ်ချိန်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားတွေ ဖြစ်လာရန် အိပ်မက်ကိုယ်စီရှိကြကြောင်း နည်းပြချုပ်က ပြောပါတယ်။

ဂူထဲမှာ ၎င်းတို့ အတူတူရှိနေကြမယ်လို့ ယုံကြည်ကြောင်း နည်းပြချုပ် Nopparat Kantawong က ပြောထားခဲ့ပါတယ်။ "သူတို့ တစ်ယောက်ကိုတစ်ယောက် ပစ်ထားကြမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံတယ်၊ သူတို့ တစ်ယောက်တစ်ယောက် အပြန်အလှန် စောင့်ရှောက်ကြမှာပါ" လို့ နည်းပြချုပ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။

 

Share

Loading Next Article...
က္က