လူငယ်အုပ်စုက ရယ်ရယ်မောမောဖြင့် ကျန်းမာရေးကောင်းကြောင်း ပြောခဲ့တာတွေ့ရပါတယ်။

မယ်ဆိုင်ဂူအတွင်း ပြန်ရှာတွေ့ခဲ့တဲ့ ထိုင်းလူငယ်အုပ်စုရဲ့ အခြေအနေကို ထိုင်းရေတပ်က ယနေ့ (ဇူလိုင် ၄ ရက်) မှာ ဗီဒီယိုအသစ်တစ်ခု ထုတ်လိုက်ပါတယ်။



ထိုင်းစစ်တပ်က Facebook မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုအရ ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ လူငယ်အုပ်စုက ရယ်ရယ်မောမောဖြင့် ၎င်းတို့ ကျန်းမာရေးကောင်းကြောင်း ပြောခဲ့တာတွေ့ရပါတယ်။ ဗီဒီယိုထဲမှာ လူငယ်တွေက တစ်ဦးချင်းစီ အမည်ပြောင်များဖြင့် မိတ်ဆက်ခဲ့ကြပြီး ဂူအပြင်မှာ စောင့်ဆိုင်းနေကြတဲ့ မိသားစုဝင်များကို "ကျွန်တော် ကျန်းမာရေးကောင်းပါတယ်" လို့ ပြောခဲ့ကြပါတယ်။

လူငယ်အချို့ဟာ သတ္တုလွှာခြုံထည်များ ခြုံထားကြပြီး ပြုံးရယ်နေတဲ့ ရေငုပ်သမားတစ်ဦးနဲ့အတူ တွေ့ခဲ့ရပါတယ်။ လူငယ်အုပ်စုနဲ့အတူ ဂိူထဲကိုဝင်ရောက်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြကိုတော့ ယခု ဗီဒီယိုထဲမှာ မတွေ့ခဲ့ရပါဘူး။



ယခု ဗီဒီယိုဟာ ဂူထဲမှာ ပိတ်မိပျောက်ဆုံးနေခဲ့တဲ့ ထိုင်းလူငယ်အုပ်စုကို အောင်မြင်စွာရှာဖွေတွေ့ရှိနိုင်ပြီးနောက် ဒုတိယမြောက် ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုလည်းဖြစ်ပါတယ်။ လူငယ်များ ပိတ်မိပျောက်ဆုံးနေခဲ့တဲ့ Tham Luang ဂူဟာ ထိုင်းနိုင်ငံရဲ့ အရှည်လျားဆုံး ဂူများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရပါတယ်။

ထိုင်းရေတပ်က ထုတ်ပြန်လိုက်တဲ့ တစ်မိနစ်ကြာ ဗီဒီယိုထဲမှာ လူငယ်အုပ်စုဟာ ၎င်းတို့ကို ပြန်ရှာတွေ့ခဲ့တဲ့ တနင်္လာနေ့ (ဇူလိုင် ၂ ရက်) ညပိုင်းကထက် ပိုမိုလန်းဆန်းနေတာလည်း တွေ့ရပါတယ်။



ဂူထဲမှာ ပိတ်မိပျောက်ဆုံးနေခဲ့တဲ့ ထိုင်းလူငယ်အုပ်စုကို ပြန်ရှာတွေ့ခဲ့ပြီဖြစ်ပေမဲ့ ဂူအပြင်ကို ပြန်ခေါ်ထုတ်နိုင်ရန် အချိန်ယူရအုံးမယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ ၎င်းတို့ထံ ၄ လစာအတွက် လုံလောက်တဲ့ အစားအစာများ ပို့ဆောင်ထားပါတယ်။ ဒါ့အပြင် ဆရာဝန်၊ သူနာပြုနဲ့ ဆေးဝါးများလည်း ထိုင်းလူငယ်အုပ်စုရှိရာသို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ထိုင်းလူငယ်အုပ်စု ပိတ်မိနေခဲ့တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မှာရှိတဲ့ Tham Luang ဂူဟာ အတွင်းပိုင်းမှာ ရှုပ်ထွေးတဲ့ ဥမင်လမ်းကြောင်းများရှိပြီး မိုးရာသီကာလမှာ ဂူအတွင်း ရေကြီးနေလေ့ရှိပြီး စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအထိ ကြာမြင့်တတ်ကြောင်း သိရပါတယ်။



အဆိုပါ လူငယ်အုပ်စုဟာ ဇွန်လ ၂၃ ရက်မှာ ဂူအတွင်း ဝင်ရောက်သွားခဲ့ကြပြီးနောက် ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီး ၁၀ ရက်မြောက်နေ့မှာ ၎င်းတို့ကို ပြန်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ထိုင်းလူငယ်အုပ်စု

- အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးဟာ Moo Pa သို့မဟုတ် Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားများဖြစ်ပါတယ်။

- အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြမှာ Ekkapol Janthawong ဖြစ်ပြီး ယောက်ျားလေးအုပ်စုကို တစ်ခါတရံ တစ်နေ့တာ ခရီးတိုများ ခေါ်ဆောင်သွားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်မှာလည်း ယခု ဂူထဲသို့ပင် သွားလာခဲ့ကြဖူးပါတယ်။

- ဂူထဲမှာ ပျောက်နေခဲ့တဲ့ လူငယ်အုပ်စုမှာ အသက်အငယ်ဆုံးအဖြစ် အသက် ၁၁ နှစ်အရွယ် Chanin "Titan" Wibrunrungrueang ခေါ် ဘောလုံးအသင်းသားလည်း ပါဝင်ခဲ့ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ဘောလုံးကစားခဲ့သူ ဖြစ်ပါတယ်။



- Wild Boar ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်မှာ အသက် ၁၃ နှစ်အရွယ် Duangpet "Dom" Promtep ဖြစ်ပြီး ၎င်းက ဘောလုံးအသင်းကို စိတ်ဓာတ်တက်ကြွအောင် ဦးဆောင်လှုံ့ဆော်နိုင်ပါတယ်။

- ဘောလုံးအသင်းရဲ့ နည်းပြချုပ်ဖြစ်သူ Nopparat Kantawong ကတော့ ဂူထဲကိုသွားရောက်တဲ့ ခရီးစဉ်မှာ လိုက်ပါခဲ့ခြင်းမရှိပါဘူး။ Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားတွေဟာ တစ်ချိန်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားတွေ ဖြစ်လာရန် အိပ်မက်ကိုယ်စီရှိကြကြောင်း နည်းပြချုပ်က ပြောပါတယ်။

ဂူထဲမှာ ၎င်းတို့ အတူတူရှိနေကြမယ်လို့ ယုံကြည်ကြောင်း နည်းပြချုပ် Nopparat Kantawong က ပြောထားခဲ့ပါတယ်။ "သူတို့ တစ်ယောက်ကိုတစ်ယောက် ပစ်ထားကြမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံတယ်၊ သူတို့ တစ်ယောက်တစ်ယောက် အပြန်အလှန် စောင့်ရှောက်ကြမှာပါ" လို့ နည်းပြချုပ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က