ကူးတို့သင်္ဘောပေါ်မှာ အရေအတွက် အတိအကျ မသိရတဲ့ မော်တော်ယာဉ်များ တင်ဆောင်လာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းအနီးမှာ ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်ခဲ့မှုအတွင်း လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ ဒါဇင်နဲ့ချီတဲ့ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေနေကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၄ ရက်) ပြောပါတယ်။



အင်္ဂါနေ့ (ဇူလိုင် ၃ ရက်) မှာ ကူးတို့သင်္ဘောနစ်မြုပ်မှုဟာ တိုဘာရေအိုင်ကြီးအတွင်း ခရီးသည်နဲ့ ဆိုင်ကယ်များ အပါအဝင် ကုန်ပစ္စည်းများ အဆမတန် တင်ဆောင်ထားတဲ့ ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပြီးနောက် သီတင်းနှစ်ပတ်ကျော်အကြာမှာ ထပ်မံ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

တိုဘာရေအိုင်ကြီးအတွင်း ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယခု ဇူလိုင် ၃ ရက် ကူးတို့သင်္ဘော နစ်မြုပ်မှုအတွင်း လူ ၂၉ ဦး သေဆုံးကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်ဆိုင်ရာ ဌာနက အတည်ပြုခဲ့ပြီး နောက်ထပ် လူ ၄၁ ဦး ပျောက်ဆုံးနေကြောင်လည်း ပြောခဲ့ပါတယ်။




နစ်မြုပ်ခဲ့တဲ့ ကူးတို့သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ အခြား ခရီးသည် ၆၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အဆိုပါဌာနက ဆိုပါတယ်။ ကူးတို့သင်္ဘောပေါ်မှာ အရေအတွက် အတိအကျ မသိရတဲ့ မော်တော်ယာဉ်များ တင်ဆောင်လာခဲ့ကြောင်းနဲ့ သင်္ဘောကိုယ်ထည်အတွင်း ရေများဝင်ရောက်ပြီးနောက် နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။


ကူးတို့သင်္ဘောဟာ နစ်မြုပ်ခဲ့စဉ်မှာ ဆိပ်ကမ်းနဲ့နီးကပ်နေခဲ့ပြီး ကပ္ပတိန်ဖြစ်သူက သင်္ဘောခေါင်မိုးပေါ်ကနေ အကူအညီတောင်းခံခဲ့ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက Reuters သတင်းဌာနကို ပြောပါတယ်။ အင်ဒိုနီးရှားမှာ ဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုမရှိခြင်း၊ လူနဲ့ကုန်ပစ္စည်းများ အဆမတန် တင်ဆောင်ခြင်းတို့ကြောင့် ကူးတို့သင်္ဘောနစ်မြုပ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က