လာမယ့် ရက်အနည်းငယ်အတွင်း မိုးရွာသွန်းမှုတွေ ဆက်ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။

ဂျပန်နိုင်ငံမှာ စံချိန်တင်ပမာဏ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုနဲ့မြေပြိုမှုများ ဖြစ်ပွားမှုအတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၈ ရက်) ပြောပါတယ်။ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေနိုင်ကြောင်းလည်း အာဏာပိုင်တွေက သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။

Photo: Reuters



ဒေသခံမီဒီယာတွေကတော့ ရေကြီးမြေပြိုမှုတွေကြောင့် ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီရှိကြောင်းနဲ့ သေဆုံးသူအရေအတွက် နောက်ထပ် မြင့်တက်လာနိုင်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။သေဆုံးမှုအများစုဟာ ကြာသပတေးနေ့ (ဇူလိုင် ၅ ရက်) ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေခဲ့တဲ့ ဟီရိုရှီးမားစီရင်စုမှာ ဖြစ်ပွားခဲ့ပါတယ်။

Photo: Kyodo

ဂျပန်မှာ မိုးသည်ထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် ရာနဲ့ချီတဲ့ နေအိမ်များ ပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။ ရေကြီးမြေပြိုမှုတွေကြောင့် လူဦးရေ ၁.၅ သန်းကို နေအိမ်စွန့်ခွာရန် ညွန်ကြားချက်ထုတ်ပြန်ထားပြီး နောက်ထပ် လူဦးရေ ၃ သန်းကိုလည်း အလားတူ စွန့်ခွာသင့်ကြောင်း အာဏာပိုင်တွေက အကြံပြုထားပါတယ်။ထောင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ စစ်သားများက ရေကြီးမြေပြိုမှု ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြပါတယ်။ သေဆုံးခဲ့သူတွေအနက် အချို့ဟာ မြေပြိုကျမှုအတွင်း ဖုံးလွှမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ကျိုဒိုသတင်းက ပြောပါတယ်။

Photo: NHK

ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့အနောက်ဘက် မိုင် ၃၇၀ အကွာရှိ မိုတိုယာမာမြို့ (Motoyama) မှာ သောကြာနေ့ (ဇူလိုင် ၆ ရက်) မနက်ပိုင်းမှ စနေနေ့ (ဇူလိုင် ၇ ရက်) မနက်ပိုင်းအထိ မိုးရေချိန် ၂၃ လက်မအထိ ရွာသွန်းခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။လက်ရှိ ရာသီဥတုအခြေအနေရ လာမယ့် ရက်အနည်းငယ်အတွင်း မိုးရွာသွန်းမှုတွေ ဆက်ရှိနေအုံးမယ်လို့လည်း ခန့်မှန်းထားပါတယ်။

Photo: AP

မိုးသည်းထန်စွာ ရွာသွန်းမှုတွေဟာ ဂျပန်အနောက်ပိုင်းဒေသတွေမှာ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ကျေးရွာအချို့ ရွာလုံးကျွတ် ရေလွှမ်းမိုးခံခဲ့ရပြီး ဒေသခံတွေက ကယ်ဆယ်ရေးအဖွဲ့ကို ၎င်းတို့ရဲ့ နေအိမ်ခေါင်မိုးတွေပေါ်မှာ နေထိုင်စောင့်ဆိုင်းနေကြရပါတယ်။ ရေကြီးမြေပြိုမှုများအတွင်း ဒဏ်ရာရသူ ရာနဲ့ချီရှိခဲ့ကြောင်းလည်း သိရပါတယ်။

 


Share

Loading Next Article...
က္က