အမေရိကန်ရဲ့သဘောထားဟာ အလွန်အမင်း ပြဿနာဖန်တီးမှု ဖြစ်တယ်လို့လည်း မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။

နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး အမေရိကန်က ဂိုဏ်းစတားပုံစံ နည်းဗျူဟာတွေ အသုံးပြုနေကြောင်း မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီယားက ထိုသို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်များ ဆွေးနွေးမှု (Photo: Secretary Pompeo)




တွေ့ဆုံဆွေးနွေးရာမှာ အမေရိကန်ရဲ့သဘောထားဟာ အလွန်အမင်း ပြဿနာဖန်တီးမှု ဖြစ်တယ်လို့လည်း မြောက်ကိုရီးယားအစိုးရက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက မြောက်ကိုရီးယားသို့ နှစ်ရက်ကြာလာရောက်ပြီး ကင်မ်ဂျုံအန်ရဲ့ ညာလက်ရုံး ကင်မ်ယောင်ချိုလ်နဲ့ တွေ့ဆုံကာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စကို ဆွေနွေးခဲ့ကြောင်း သိရပါတယ်။

မိုက်ခ်ပွန်မ်ပီအိုကို ကင်မ်ယောင်ချိုလ်က လေဆိပ်မှာ ကြိုဆိုခဲ့စဉ် (Photo: Secretary Pompeo)



မြောက်ကိုရီးယားကို လာရောက်ဆွေးနွေးခဲ့တဲ့ ပွန်မ်ပီအိုကတော့ နှစ်ရက်ကြာ ပြုံးယမ်းခရီးစဉ်အတွင်း ၎င်းအနေနဲ့ တိုးတက်မှုကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သို့သော် ယခု ထွက်ပေါ်လာတဲ့ မြောက်ကိုရီးယားဘက်က ပြောဆိုမှုနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုမှုတို့ဟာ သိသာစွာ ကွဲပြားနေခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုက မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုအခြေအနေကို အမေရိကန်နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့တောင်ကိုရီးယားကို အနှစ်ချုပ်ရှင်းလင်းရန်အတွက် တိုကျိုမြို့သို့ရောက်ရှိလာစဉ် မြောက်ကိုရီးယားရဲ့ ဒေါသတကြီးထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

စင်ကာပူမှာ ထိပ်သီးတွေ့ဆုံခဲ့သည့် ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့် (Photo: Reuters)



အဆိုပါ ထုတ်ပြန်ချက်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး အမေရိကန်ဘက်ရဲ့ ဂိုဏ်းစတားပုံစံ တောင်းဆိုမှုတွေကို ပယ်ချထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်လုပ်ဆောင်ရန် ပန်ကြားထားတယ်လို့ ဆိုပါတယ်။

ပွန်မ်ပီအိုရဲ့ခရီးစဉ်ဟာ ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့်တို့ စင်ကာပူထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားကို ပထမဆုံးအကြိမ် သွားရောက်ဆွေးနွေးခဲ့မှုလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲမှာ ကင်မ်ဂျုံအန်က နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဦးတည်လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ထည့်သွင်းပြောခဲ့ကြခြင်း မရှိပါဘူး။

စစ်ရေးပြအခမ်းအနားမှာ တွေ့ရသည့် မြောက်ကိုရီးယားဒုံးကျည်များ (Photo: AFP)



အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုရဲ့ ယခုခရီးစဉ်အတွင်း မြောက်ကိုရီးယားထံမှ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကတိပြုမှုကို အခိုင်အမာဖြစ်စေရန် အဓိက ရည်ရွယ်ခဲ့ကြောင်းလည်း သိရပါတယ်။

သို့သော် မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ဖော်ပြခဲ့တဲ့ ကင်မ်ဂျုံအန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ 'အမေရိကန်ဟာ မိမိတို့နိုင်ငံကို နျူကလီးယားလက်နက်စွန့်လွှတ်ရန် တစ်ဖက်သတ် ဖိအားပေးခြင်းဖြင့် ထိပ်သီးဆွေးနွေးပွဲရဲ့ အနှစ်သာရကို ဆန့်ကျင်ခဲ့တယ်' လို့ ပြောထားခဲ့ပါတယ်။

မြောက်ကိုရီးယားခရီးစဉ်ကနေ ပြန်လာခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဂျပန်နဲ့တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေကို တိုကျိုမြို့မှာ ယနေ့ (ဇူလိုင် ၈ ရက်) တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က