ရာသီဥတုဆိုးရွားမှုကြောင့် ရထားလမ်းချော်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရထားတစ်စင်း လမ်းချော်တိမ်းမှောက်ခဲ့မှုကြောင့် လူ ၁၀ ဦးသေဆုံးပြီး အခြား လူ ၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ယမန်နေ့ (ဇူလိုင် ၈ ရက်) က လမ်းချော်တိမ်းမှောက်ခဲ့တဲ့ ရထားပေါ်မှာ လူ ၃၆၀ ကျော် လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။

Photo: AFP



အဆိုပါ ရထားဟာ ဂရိနဲ့ ဘူလ်ဂေရီးယား နယ်စပ်ရှိ Edirne ဒေသကနေ အစ္စတန်ဘူလ်မြို့ရှိ Halkali ဘူတာရုံသို့ ခုတ်မောင်းလာစဉ် လမ်းချော်တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ရထားတွဲခြောက်တွဲပါ အဆိုပါ ရထားဟာ Tekirdag ဒေသမှာ လမ်းချော်တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။

"ကနဦး စစ်ဆေးမှုတွေအရ လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၇၃ ဦး ဒဏ်ရာရခဲ့ပါတယ်" လို့ တူရကီ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Eyup Gumus က အစိုးရသတင်းဌာန Anadolu ကို ပြောခဲ့ပါတယ်။ ရထားလမ်းချော်မှု ဖြစ်ပွားတဲ့နေရာကို အရေးပေါ် လူနာတင်ကား အစီး ၁၀၀ စေလွှတ်ခဲ့ကြောင်းလည်း ၎င်းကဆိုပါတယ်။

Photo: Reuters



တူရကီစစ်တပ်ကလည်း ရထားမတော်ဆမှု ဖြစ်ပွားရာနေရာသို့ စစ်ဘက်ရဟတ်ယာဉ်များ စေလွှတ်ခဲ့ကြောင်း ပြောပါတယ်။ အစ္စတန်ဘူလ်မြို့ အာဏာပိုင်တွေက ကယ်ဆယ်ရေးဝန်ထမ်း ၂၄ ဦးနဲ့ ကယ်ဆယ်ရေးကား ခြောက်စီးကို ကယ်ဆယ်ရေးမှာ ပူးပေါင်းကူညီရန် စေလွှတ်ခဲ့ကြောင်း Twitter မှာ ရေးထားပါတယ်။

ရုပ်မြင်သံကြားသတင်းမှာ ပထမဆုံး ထုတ်လွှင့်ခဲ့တဲ့ မြင်ကွင်းတွေအရ ရထားတွဲအချို့ တိမ်းမှောက်နေပြီး ကယ်ဆယ်ရေးသမားတွေက ထိတ်လန်တုန်လှုပ်နေတဲ့ ဒဏ်ရာရသူတွေ အပျက်အစီးတွေကြားကနေ ကူညီခေါ်ထုတ်နေတာ တွေ့ခဲ့ရပါတယ်။

Photo: AFP



"ရာသီဥတုဆိုးရွားတာကြောင့် ရထားမတော်တဆမှု ဖြစ်ခဲ့တာပါ" လို့ Tekirdag ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူါ် Mehmet Ceylan က NTV သတင်းဌာနကို ပြောပါတယ်။ ရထားလမ်းချော်မှု ဖြစ်ပွားခဲ့တဲ့ နေရာဒေသမှာ လတ်တလော မိုးရွာသွန်းထားမှုကြောင့် ရွှံ့နွှံ့များထူထပ်နေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

တူရကီ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရွှံ့နွံများ ရထားလမ်းကို ဖုံးလွှမ်းနေခဲ့မှုကြောင့် ရထားလမ်းချော်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ Tekirdag ဒေသ Corlu ခရိုင်အတွင်း Sarilar ကျေးရွာအပြင်ဘက်မှာ ရထားလမ်းချော်တိမ်းမှောက်ခဲ့ကြောင်း သတင်းတွေက ပြောပါတယ်။

Photo: Hakan Mehmet Sahin/ Anadolu Agency



တူရကီ ရထားလမ်းစနစ်မှာ ပြီးခဲ့တဲ့ နှစ်များအတွင်း လူသေဆုံးမှုရှိတဲ့ မတော်တဆမှုတွေ ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလအတွင်း အစ္စတန်ဘူလ်တောင်ဘက် Kutahya ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရထားလမ်းချော်မှုကြောင့် လူကိုးဦး သေဆုံးခဲ့ပါတယ်။

လတ်တလော နှစ်များအတွင်း တူရကီမှာ ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး ရထားမတော်တဆမှုမှာ ၂၀၀၄ ခုနှစ် ဇူလိုင်လအတွင်း နိုင်ငံအနောက်မြောက်ပိုင်း Sakarya ဒေသမှာ မြန်နှုန်းမြင့် ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှုကြောင့် လူ ၄၁ ဦး သေဆုံးပြီး အခြား လူ ၈၀ ဒဏ်ရာရခဲ့မှု ဖြစ်ပါတယ်။

Share

Loading Next Article...
က္က