ထိုင်ဝမ်အနီးမှ ဖြတ်သန်းသွားပြီးနောက် တရုတ်အရှေ့ပိုင်းကို ဝင်ရောက်တိုက်ခတ်နေပါတယ်။

ထိုင်ဝမ်အနီးမှ တိုင်ဖွန်းမုန်တိုင်း မာရီယာ (Maria) ဖြတ်သန်းသွားခဲ့ပေမဲ့ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုများ မရှိခဲ့ကြောင်းနဲ့ တရုတ်အရှေ့ပိုင်းကို ယနေ့ (ဇူလိုင် ၁၁ ရက်) ဝင်ရောက်တိုက်ခတ်ကြောင်း သိရပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းသွားမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ထိုင်ဝမ်မှာ ကျောင်းနဲ့ရုံးများ ပိတ်ထားတယ်လို့ ဆိုပါတယ်။

Photo: AFP



အာဏာပိုင်တွေက မုန်တိုင်းကြောင့် ရေကြီးမှုနဲ့မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားခဲ့ပါတယ်။ သို့သော် မာရီယာမုန်တိုင်းဟာ ထိုင်ဝမ်အနီး ချဉ်းကပ်လာစဉ် အားလျော့နည်းသွားပြီးနောက် ထိုင်ဝမ်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခြင်းမရှိဘဲ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားကြောင်း သိရပါတယ်။ မုန်တိုင်းအရှိန်ကြောင့် ထိုင်ဝမ် နေရာဒေသအချို့မှာ ညလုံးပေါက် မိုးရွာသွန်းခဲ့ပြီး မိုးရေချိန် ၄ လက်မအထိရှိခဲ့ကြောင်း မိုးလေဝသဌာနက ပြောပါတယ်။

Photo: weather.com

လက်ရှိမှာ တိုင်ဖွန်းမာရီယာက အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တရုတ်ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပါတယ်။ ထိုင်ဝမ်မှာ လေပြင်းတိုက်ခတ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေမယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင့် ရေလှိုင်းအမြင့် ၂၉ ပေအထိ တက်ရောက်ခဲ့ကြောင်းပြီး ဒေသခံတွေကို ကမ်းရိုးတန်း နေရာများတစ်လျှောက် သွားလာနေထိုင်ခြင်း ရှောင်ရှားကြရန် အာဏာပိုင်တွေက သတိပေးထားခဲ့ပါတယ်။

ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင့်မှုအရ တိုင်ပေမြို့တော်မှာ သစ်ပင်များလဲပြိုပြီး မြို့ရဲ့တောင်ဘက် တောင်ပေါ်လမ်းများ ပိတ်ဆို့မှုဖြစ်နေတာ တွေ့ရပါတယ်။ တိုင်ဖွန်းမာရီယာကြောင့် သေဆုံးဒဏ်ရာရမှု မှတ်တမ်းမရှိသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

PHOTO: EPA-EFE

ဒေသခံမီဒီယာတွေကတော့ အမျိုးသားတစ်ဦး ၎င်းရဲ့ နေအိမ်ပြတင်းပေါက်ကို ကြည့်ရှုစစ်ဆေးနေစဉ် ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီး ရေကြီးမြေပြိုမှု ဖြစ်ပေါ်နိုင်တဲ့ နေရာဒေသများမှ လူဦးရေ ၃,၅၀၀ နီးပါးကို ဘေးကင်ရာသို့ ရွှေ့ပြောင်းထားခဲ့ကြောင်း သိရပါတယ်။ ထိုင်ဝမ်စစ်သား ၂,၀၀၀ ကို မုန်တိုင်းနောက်ဆက်တွဲ ရှင်းလင်းရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီရန် အသင့်ချထားခဲ့ပါတယ်။ ထိုင်ဝမ်နဲ့အနီးဆုံးမှ တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်စဉ် နေအိမ် ၄၃,၀၀၀ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်အစိုးရအဖွဲ့က မုန်တိုင်း အခြေအနေကို ကြည့်ရှုနေစဉ် (Photo: Tsai Ing-wen Twitter)

ထိုင်ဝမ်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် လေကြောင်းခရီးစဉ် ရာနဲ့ချီပြီး ဖျက်သိမ်းခဲ့ရပါတယ်။ တိုင်ဖွန်းမာရီယာဟာ ယခုနှစ် မုန်တိုင်းရာသီအတွင်း ထိုင်ဝမ်အတွက် ပထမဆုံး မုန်တိုင်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အဆိုပါ မုန်ုတိုင်းဟာ ယနေ့မှာ တရုတ်နိုင်ငံအရှေ့ပိုင်းဒေသသို့ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ယမန်နှစ်က ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း နီဆက် (Nesat) တိုက်ခတ်ခဲ့မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ရေကြီးမှုနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဆိုးရွားစွာ ကြုံခဲ့ရဖူးကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က