တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် စက်မှုဇုန်တစ်ခုရှိ ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် စက်မှုဇုန်တစ်ခုရှိ ဓာတုဗေဒပစ္စည်း စက်ရုံတစ်ရုံမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့မှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး အခြား ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရသတင်းဌာ ဆင်ဟွာက ယနေ့ (ဇူလိုင် ၁၃ ရက်) ပြောပါတယ်။

Photo: Reuters





ယမန်နေ့ (ဇူလိုင် ၁၂ ရက်) ည ၆ နာရီခွဲဝန်းကျင်က Yibin Hengda Technology ကုမ္ပဏီပိုင် ဓာတုဗေဒစက်ရုံမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အဆိုပါစက်ရုံ တည်ရှိရာ Jiang'an ခရိုင်မှ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ် ဇွန်လမှာ တရားဝင် မှတ်ပုံတင်ခဲ့ပြီး ဓာတုဗေဒပစ္စည်းများ အဓိက ထုတ်လုပ်နေကြောင်း သိရပါတယ်။ စက်ရုံပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူတွေရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီကို Reuters သတင်းဌာနက ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိကြောင်းလည်း သိရပါတယ်။

Photos: Sina Weibo



တရုတ် ဆိုရှယ်မီဒီယာတွေမှာ လွှင့်တင်ခဲ့ကြတဲ့ ဓာတ်ပုံတွေအရ ပေါက်ကွဲမှုဖြစ်တဲ့ စက်ရုံနေရာကနေ ကြီးမားတဲ့မီးတောက်နဲ့ မီးခိုးလုံးများ ထွက်ပေါ်နေတာ တွေ့ရပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး စက်ရုံမီးလောင်နေမှုကို ယမန်နေ့ည ဒေသစံတော်ချိန် ၁၁ နာရီခွဲမှာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဓာတုဗေဒစက်ရုံ ပေါက်ကွဲမီးလောင်ကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက "ဆယ်မိနစ်အတွင်း ပေါက်ကွဲသံ ခုနစ်ကြိမ် ကြားခဲ့ရတယ်၊ မီးသတ်ကား နှစ်ဒါဇင်လောက်နဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်" လို့ Beijing News ကို ပြောခဲ့ပါတယ်။

Photo: BBC



တရုတ်နိုင်ငံမှာ ကျေက်မီးသွေးတွင်းတွေနဲ့ ဓာတုဗေဒစက်ရုံတွေမှာ ကြီးမားတဲ့ မတော်တဆမှုများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရက စက်မှုလုပ်ငန်းများ ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဆောင်ရွက်မှုအပေါ် တင်းကျပ်တဲ့ စစ်ဆေးမှုများ ယမန်နှစ်အတွင်း လုပ်ဆောင်လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က တရုတ်မြောက်ပိုင်း ဆိပ်ကမ်းမြို့ Tianjin မှာ ဓာတုဗေဒပစ္စည်း ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၇၃ ဦး သေဆုံးခဲ့ဖူးပါတယ်။ ဒါ့အပြင် ယမန်နှစ်အတွင်းမှာလည်း တရုတ်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ရေနံဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူရှစ်ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က