မက္ကစီကိုမြို့တော်တောင်ဘက် ၄၃ မိုင်အကွာရှိ ပိရမစ်တစ်ခုအတွင်း တွေ့ရှိခဲ့ပါတယ်။

မက္ကစီကိုမှာ ယမန်နှစ် စက်တင်ဘာလအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပိရမစ်တစ်ခု ထိခိုက်ပျက်စီး အခြေအနေကို သိရှိနိုင်ရန် စစ်ဆေးခဲ့ကြရာမှ နှစ်ပေါင်း ၉၀၀ နီးပါး သက်တမ်းရှိတဲ့ ရှေးခေတ်ဘုရားကျောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo: INAH





ရှေးဟောင်းသုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ဘုရားကျောင်းဟာ မက္ကစီကိုမြို့တော်တောင်ဘက် ၄၃ မိုင်အကွာ မိုရီလော့စ်ပြည်နယ်အတွင်းရှိ Teopanzolco ပိရမစ်အတွင်း တည်ရှိနေတာ ဖြစ်ပါတယ်။

အဆိုပါ ဘုရားကျောင်းဟာ ၁၁၅၀ ခုနှစ်မှဖြစ်ပြီး မက္ကစီကိုအလယ်ပိုင်းမှာ နေထိုင်ခဲ့ကြတဲ့ Aztec မျိုးနွယ်တစ်ခုဖြစ်တဲ့ Tlahuica လူမျိုးတို့နဲ့ သက်ဆိုင်နေကြောင်း သိရပါတယ်။

Photo: AFP



ဘုရားကျောင်းကို Aztec မိုးနတ်ဘုရား Tláloc အား ရည်စူးတည်ဆောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားကျောင်းရဲ့ အကျယ်အဝန်းဟာ ပေ ၂၀ x ၁၃ ပေ ဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။ ထိုဘုရားကျောင်းအတွင်း အမွှေးတိုင်ထွန်းခွက်များနဲ့ ကြွေထည်မြေထည်ပစ္စည်း အစအနတွေကိုလည်း တွေ့ရပါတယ်။

မက္ကစီကိုနိုင်ငံ National Institute of Anthropology and History (INAH) မှ သိပ္ပံပညာရှင်တွေက မိုရီလော့စ်ပြည်နယ် Cuernavaca မြို့ရှိ Teopanzolco ပိရမစ်ကို ရေဒါစနစ်သုံးပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို စစ်ဆေးခဲ့စဉ်မှာ ရှေးခေတ်ဘုရားကျောင်းကို ပိရမစ်အတွင်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

Photo: AFP



ယမန်နှစ် စက်တင်ဘာလအတွင်း မက္ကစီကိုမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်အား ၇.၁ ရစ်(ခ်)တာစကေးရှိ ငလျင်ကြီးကြောင့် Teopanzolco ပိရမစ်မှာ ပျက်စီးမှုတွေဖြစ်ခဲ့ကြောင်း ရှေးဟောင်းသုတေသီ ဘာဘရာကိုနီယာဇာက ပြောပါတယ်။

သုတေသီတွေရဲ့ အဆိုအရ ယခု ဘုရားကျောင်းနဲ့ သက်ဆိုင်နေတဲ့ Talhuica လူမျိုးတွေဟာ မာရီလော့စ်ပြည်နယ်အတွင်း ဒါဇင်နဲ့ချီတဲ့ မြို့ငယ်လေးတွေမှာ နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

Teopanzolco ပိရမစ်နေရာကို ၁၃ ရာစုနှစ်မှာ တည်ဆောက်ခဲ့တယ်လို့ ယူဆထားခဲ့ပြီး ယခု အသစ်တွေ့ရှိရတဲ့ ဘုရားကျောင်းကိုတော့ ထိုထက်စောပြီး တည်ဆောက်ခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က