AD
AD
AD

ထိုင်းနိုင်ငံမြောက်ပိုင်း Tham Laung ဂူထဲမှာ သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိခဲ့ကြပြီးနောက် ကယ်ထုတ်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုဟာ လာမယ့်သီတင်းပတ် ဇူလိုင် ၁၉ ရက်မှာ ဆေးရုံမှဆင်းနိုင်မယ်လို့ သိရပါတယ်။

play
Photo: Thai Government via AFP/Getty Images


တောဝက်ဘောလုံးအသင်းမှ ကလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ နည်းပြတို့ဟာ ရုပ်ပိုင်းနဲ့စိတ်ပိုင်း ကျန်းမာရေးအခြေအနေ နာလန်ထူကောင်းမွန်နေပြီး လာမယ့် ကြာသပတေးနေ့ (ဇူလိုင် ၁၉ ရက်) မှာ ဆေးရုံကနေ ပြန်နိုင်မယ်လို့ ကျန်းမာရေးဝန်ကြီး Piyasakol Sakolsatayadorn က ယနေ့ (ဇူလိုင် ၁၄ ရက်) ပြောပါတယ်။

"သူတို့တွေ ဆေးရုံကဆင်းပြီးတဲ့အခါ ဂရုစိုက်ဖို့အတွက် ကလေးတွေရော မိသားစုတွေကိုပါ ကြိုတင်ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်" လို့ ကျန်းမာရေးဝန်ကြီးက ပြောခဲ့ပါတယ်။

play
Infographic: Rafa Estrada/CNA

လူငယ်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်နိုင်တာကြောင့် မီဒီယာတွေက တွေ့ဆုံမေးမြန်းမှုကို လက်မခံကြရန်လည်း ကျန်းမာရေးဝန်ကြီး Piyasakol က မိသားစုတွေကို သတိပေး ပြောကြားခဲ့ပါတယ်။

"အားလုံးက ဒီကလေးတွေကို ဂူအပြင်ကယ်ထုတ်နိုင်ဖို့ အတူတကွ အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပါတယ်၊ အခုလည်း ဆက်ပြီးတော့ ဒီကလေးတွေ ကြီးပြင်းလာချိန်မှာလည်း ရုပ်ပိုင်းရော စိတ်ပိုင်းပါ နာလန်ထူကောင်းမွန်စေဖို့ ကျွန်တော်တို့ အကောင်းဆုံးပူးပေါင်း လုပ်ဆောင်သင့်ပါတယ်" လို့ ၎င်းကဆိုပါတယ်။

play
ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီး Piyasakol (Photo: Hfocus)


ဂူအပြင်ကို ကယ်ထုတ်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်တွေဟာ အနည်းဆုံး ကိုယ်အလေးချိန် ၄ ပေါင်ကျော်စီ လျော့ကျသွားခဲ့ကြပေမဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်ရာမရှိကြောင်းလည်း အစောပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားခဲ့ပါတယ်။

အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် တောဝက်ဘောလုံးအသင်းသား ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် လက်ထောက်နည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ထိုင်းနဲ့မြန်မာ နယ်စပ်အနီး ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာရှိ Tham Laung ဂူထဲကို ဝင်ရောက်ခဲ့ကြရာမှ ဂူအတွင်း ရေများဝင်ရောက်လာခဲ့မှုကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

play
ဂူထဲမှာပိတ်မိခဲ့သည့် ထိုင်းလူငယ်အုပ်စု (Photo: Thai Navy Seal)


ဂူထဲဝင်ပြီးနောက် ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အဆိုပါ လူငယ်အုပ်စုကို ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပထမဆုံး ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် ၎င်းတို့ကို ဂူထဲမှ ပြန်ကယ်ထုတ်ရန် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ပူးပေါင်းကူညီခဲ့ကြပါတယ်။

ထိုင်းရေတပ် အထူးတပ်ဖွဲ့မှ ရေငုပ်သမားတွေနဲ့ စေတနာ့ဝန်ထမ်း ရေငုပ်သမားတွေက လူငယ်အုပ်စုကို ကယ်ဆယ်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

play
Photo: Thai Government via AFP/Getty Images


ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ကယ်ထုတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့စဉ် ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမားတစ်ဦး ဂူအတွင်း အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။ ၎င်းတို့အုပ်စုမှ ပထဆုံး ၄ ဦးကို ဇူလိုင် ၈ ရက်၊ ဒုတိယ ၄ ဦးကို ဇူလိုင် ၉ ရက်နဲ့ နောက်ဆုံးကျန်ရှိတဲ့ ၅ ဦးကို ဇူလိုင် ၁၀ ရက်တို့မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

play
ဂူထဲမှကယ်ထုတ်လာသူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ရန် ပြင်ဆင်နေစဉ် (Photo: Nick Edwards/Daily Mail)


Tham Laung ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ ကလေးတစ်ဦးနဲ့ နည်းပြဖြစ်သူတို့ဟာ မြန်မာနိုင်ငံဖွားတွေ ဖြစ်ကြကြောင်း သိရပါတယ်။ ၎င်းတို့နှစ်ဦး အပါအဝင် ဂူထဲမှကယ်ထုတ်နိုင်ခဲ့တဲ့ လူငယ်အုပ်စုမှ စုစပေါင်း ၄ ဦးဟာ နိုင်ငံမဲ့ဖြစ်နေပြီး ၎င်းတို့ကို ထိုင်းနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် စိစစ်နေတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD