သေဆုံးခဲ့တဲ့ ရေငုပ်သမားရဲ့အကြောင်းကို ထိုင်းလူငယ်အုပ်စုအား ဇူလိုင် ၁၄ ရက်ကျမှသာ အသိပေးခဲ့ပါတယ်။

ထိုင်းနဲ့မြန်မာနယ်စပ်အနီး Tham Laung ဂူထဲကနေ ကယ်ထုတ်လာနိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုဟာ ၎င်းတို့ကို ရှာဖွေကယ်ဆယ်ရေးမှာ ပါဝင်ကူညီရင်း သေဆုံးခဲ့သူ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမားအတွက် ဝမ်းနည်းပူဆွေးခဲ့ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

Photo: Thai Public Health Ministry



ကယ်ဆယ်ရေးအတွက် ပြင်ဆင်မှုများ ပါဝင်ကူညီပေးနေစဉ် ဂူအတွင်း အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့တဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမား ဆမန်ခွန်းနမ် (Saman Kunan) ရဲ့အကြောင်းကို ထိုင်းလူငယ်အုပ်စုအား စနေနေ့ (ဇူလိုင် ၁၄ ရက်) ကျမှသာ အသိပေး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဆမန်ခွန်းနမ်ဟာ Tham Laung ဂူထဲကို အောက်စီဂျင်ဘူးများ ပို့ဆောင်တပ်ဆင်မှုမှာ ပါဝင်ကူညီပေးနေစဉ် အောက်စီဂျင်ပြတ်ပြီး ဇူလိုင် ၆ ရက် မနက်အကူးမှာ သေဆုံးသွားခဲ့ပါတယ်။

ဂူထဲမှာ အောက်စီဂျင်ပြတ်ပြီး သေဆုံးခဲသည့် ဆမန်ခွန်းနမ် (Photo: Saman Kunan Facebook)

၎င်းတို့ကို ဂူထဲကနေ ကယ်ထုတ်နိုင်ရန် ပါဝင်ကူညီပေးရင်း ဆမန်ခွန်းနမ် သေဆုံးခဲ့တဲ့အကြောင်း သိရှိရချိန်မှာ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုဟာ ဝမ်းနည်းပူဆွေးပြီး ငိုကြွေးခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ (ဇူလိုင် ၁၅ ရက်) မှာ ပြောခဲ့ပါတယ်။

Photo: Thai Public Health Ministry

တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုက Saman Kunan ရဲ့ ပုံတူပန်းချီကားချပ်ပေါ်မှာ ဝမ်းနည်းကြောင်း စာများရေးသားခဲ့ကြပြီး ၎င်းအတွက် တစ်မိနစ်ငြိမ်သက်ခဲ့ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Jedsada Chokdamrongsuk က သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။ Saman Kunan ကို ကျေးဇူးတင်ကြောင်းနဲ့ လူတော်လူကာင်းများဖြစ်စေမယ်လို့လည်း လူငယ်များက ကတိပြုခဲ့ကြကြောင်း သိရပါတယ်။

Photo: Thai Public Health Ministry

Saman Kunan ဟာ ၂၀၀၆ ခုနှစ်မှာ ထိုင်းရေတပ်မှ အငြိမ်းစားယူခဲ့ပြီး သုဝဏ္ဏဘူမိလေဆိပ်မှာ အလုပ်လုပ်ကိုင်နေရာက ထိုင်းမြောက်ပိုင်းရှိ Tham Laung ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်းကို ကယ်ဆယ်ရေးမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီခဲ့သူဖြစ်ပါတယ်။တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုဟာ ဂူထဲမှာ သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့ကြပြီးနာက် ဇူလိုင် ၈ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ ၎င်းတို့ကို တစ်သုတ်ပြီးတစ်သုတ် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ယခုအခါ ထိုင်းလူငယ်အုပ်စုကို ဆေးရုံမှာ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုနဲ့ စောင့်ကြည့်မှုတွေ ဆောင်ရွက်ပေးနေပြီး ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရပါတယ်။

Photo: AFP/Handout

၎င်းတို့ဟာ ယခုသီတင်းပတ်အတွင်း ဇူလိုင် ၁၉ ရက်မှာ ဆေးရုံကနေဆင်းနိုင်မယ်လို့လည်း ကျန်းမာရေးဝန်ကြီး Piyasakol Sakolsatayadorn က ယနေ့ (ဇူလိုင် ၁၄ ရက်) ပြောထားပါတယ်။ အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် တောဝက်ဘောလုံးအသင်းသား ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် လက်ထောက်နည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ထိုင်းနဲ့မြန်မာ နယ်စပ်အနီး ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာရှိ Tham Laung ဂူထဲကို ဝင်ရောက်ခဲ့ကြရာမှ ဂူအတွင်း ရေများဝင်ရောက်လာခဲ့မှုကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

Photo: AFP/Handout

ဂူထဲဝင်ပြီးနောက် ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အဆိုပါ လူငယ်အုပ်စုကို ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပထမဆုံး ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် ၎င်းတို့ကို ဂူထဲမှ ပြန်ကယ်ထုတ်ရန် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ပူးပေါင်းကူညီခဲ့ကြပါတယ်။ 

 

Share

Loading Next Article...
က္က