ပူတင်က အမေရိကန်ရွေးကောက်ပွဲကို ရုရှားစွက်ဖက်ခဲ့မှုကိစ္စအား ငြင်းဆိုခဲ့ရာ ထရန့်ကလည်း လက်ခံတဲ့သဘော မှတ်ချက်ပြုခဲ့ပါတယ်။

ဝေဖန်မှုတွေရင်ဆိုင်နေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၂၀၁၆ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောဆိုမှုကို လက်ခံတဲ့သဘောမျိုး မှားယွင်းပြောခဲ့မိတယ်လို့ ဇူလိုင် ၁၇ ရက်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

ထရန့်နဲ့ပူတင် ထိပ်သီးတွေ့ဆုံမှု (Photo: CNN)



ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သမ္မတပူတင်က အမေရိကန်ရွေးကောက်ပွဲကို ရုရှားစွက်ဖက်ခဲ့မှုကိစ္စအား ငြင်းဆိုခဲ့ရာ သမ္မတထရန့်ကလည်း ပူတင်ရဲ့ပြောဆိုမှုအတိုင်း လက်ခံတဲ့သဘော မှတ်ချက်ပြုခဲ့ရာ အမေရိကန်နိုင်ငံရေး အသိုင်းအဝိုင်းကြား အပြင်းအထန် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ထရန့်က ပူတင်နဲ့ ထိပ်သီးတွေ့ဆုံခဲ့ရာမှာ ရုရှားက ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲကို စွက်ဖက်နှောင့်ယှက်မှုနဲ့ ပတ်သက်ပြီး ထိပ်တိုက်ဆွေးနွေးခြင်း မပြုခဲ့ဘူးလို့ဆိုပါတယ်။ ထရန့်နဲ့ပူတင်တို့ရဲ့ ပထမဆုံးအကြိမ် သီးသန့် ထိပ်သီးတွေ့ဆုံမှုကို ဖင်လန်နိုင်ငံ ဟယ်စင်ကီးမြို့မှာ ဇူလိုင် ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထရန့်နဲ့ပူတင် ပူးတွဲသတင်းစာရှင်းလင်းပွဲ (Photo: AFP)

ထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ထရန့်က ရုရှားအနေနဲ့ အမေရိကန်ရွေးကောက်ပွဲကို စွက်ဖက်စရာ အကြောင်းမရှိဘူးလို့ မှတ်ချက်ပြုပြောခဲ့ရာ အမေရိကန်ထောက်လှမ်းရေးတွေရဲ့ ကောက်ချက်ချထားမှုနဲ့ ဆန့်ကျင်ကွဲလွဲနေခဲ့ပါတယ်။ သတင်းစာရှင်းလင်ပွဲ ပြုလုပ်ခဲ့ရာမှာ သတင်းထောက်တွေက သမ္မတထရန့်အနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်ခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးနဲ့ ရုရှားသမ္မတို့အနက် မည်သည့်ပြောဆိုမှုကို ယုံကြည်ပါသလဲလို့ မေးမြန်းခံခဲ့ရပါတယ်။

အိမ်ဖြူတော်အပြင်ဘက်မှာ သမ္မတထရန့်ကို ဆန္ဒပြစဉ် (Photo: The Telegraph)

"သမ္မတပူတင်က ဒီလို စွက်ဖက်မှုဟာ ရုရှားမဟုတ်ဘူးလို့ ပြောပါတယ်၊ ဒီလို စွက်ဖက်ရမယ့်အကြောင်း ကျွန်တော် မမြင်မိပါဘူး" လို့ ထရန့်က ဖြေကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ယခင် အမေရိကန်အစိုးရများ လက်ထက်က ရုရှားနဲ့ ဆက်ဆံရေးမပြေလည်ခဲ့မှုတွေကိုလည်း သမ္မတထရန့်က အပြစ်ဆိုခဲ့ပါတယ်။သမ္မတထရန့်ရဲ့ အဆိုပါမှတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန် အောက်လွှတ်တော် (United States House of Representatives) ဥက္ကဋ္ဌဖြစ်သူ ရီပတ်ဘလစ်ကင် ပါတီမှ ပေါလ်ရိုင်ယန်က သမ္မတထရန့်အနေနဲ့ ရုရုားနိုင်ငံဟာ မိမိတို့ရဲ့ မဟာမိတ်မဟုတ်ကြောင်း သဘောပေါက်ရမယ်လို့ ပြောခဲ့ပါတယ်။

ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် ဂျွန်မက်ကိန်း (Photo: CNN)

ဒါ့အပြင် ရီပတ်ဘလစ်ကင်ပါတီမှ ထိပ်တန်းအမတ်တစ်ဦးဖြစ်သူ ဂျွန်မက်ကိန်းကလည်း ဆိုးရွားတဲ့စွမ်းဆောင်မှုတစ်ခု ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ပူတင်နဲ့ထိပ်သီးဆွေးနွေးပွဲအပြီးမှာ သမ္မတထရန့်ကို ဆန့်ကျင်သူတွေက အိမ်ဖြူတော်အပြင်ဘက်မှာ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းတွေက ၂၀၁၆ ရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်ကို ဆိုက်ဘာတိုက်ခိုက်မှု၊ အစိုးရတစ်ရပ်က ခွင့်ပြုမှုဖြင့် ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ သတင်းအတုတွေကို ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေမှုတို့မှာ ရုရှားက နောက်ကွယ်မှ ကြိုးကိုင်ပါဝင်ခဲ့ကြောင်း ကောက်ချက်ချထားခဲ့ပါတယ်။

အမေရိကန်သမ္မတထရန့်စုံတွဲနှင့် ရုရှားသမ္မတပူတင် (Photo: Valery Sharifulin/TASS)

ယခုအခါမှာတော့ ၂၀၁၆ ရွေးကေက်ပွဲကို ရုရှားကစွက်ဖက်ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်းတွေက ကောက်ချက်ချထားမှုကို လက်ခံကြောင်း၊ ပူတင်နဲ့ထိပ်သီးဆွေးနွေးပွဲအပြီး မှတ်ချက်ပြုမှုဟာ မှားယွင်းပြောခဲ့မိတာဖြစ်ကြောင်း သမ္မတထရန့်က ထုတ်ဖော်ပြောပါတယ်။ အမေရိကန်သမ္မတထရန့်နဲ့ ရုရှားသမ္မတပူတင်တို့ဟာ ဖင်လန်နိုင်ငံမြို့တော် ဟယ်စင်ကီးမှာ နှစ်နာရီနီးပါးကြာ တံခါးပိတ် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ထရန့်နဲ့ပူတင်က နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်ရန် အဓိကထားခဲ့ကြတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က