မလေးရှားလူမျိုး လေးဦးနဲ့ အင်ဒိုနီးရှားလူမျိုး သုံးဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်အဖြစ် သံသယရှိသူ ခုနစ်ဦးကိုဖမ်းဆီးခဲ့ရာ ဘုရင်မိုဟာမက်ဗွီ၊ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နဲ့ ဝန်ကြီးတစ်ဦးတို့ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့သူတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှူးချုပ် ဖူဇီဟာရွှန်က ယနေ့ (ဇူလိုင် ၁၉ ရက်) ပြောပါတယ်။

Photo: Special Branch anti-terror E8 unit





သံသယရှိသူ ခုနစ်ဦးအနက် မလေးရှားလူမျိုး လေးဦးနဲ့ အင်ဒိုနီးရှားလူမျိုး သုံးဦးတို့ ပါဝင်ကြောင်းနဲ့ ၎င်းတို့ကို ဇူလိုင် ၁၂ ရက်နဲ့ ၁၇ ရက်ကြား Terengganu, Selangor, Perak နဲ့ Johor တို့မှာ စီးနင်းမှုများအတွင်း ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခဲ့တဲ့ သံသယရှိသူ အသက် ၄၂ နှစ်အရွယ် စက်ရုံအလုပ်သမား အင်ဒိုနီးရှားလူမျိုးက အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အင်ဒိုနီးရှားအခြေစိုက် Jamaah Ansharut Daulah (JAD) မှ အမျိုးသားတစ်ဦးနဲ့ အဆက်အသွယ်ရှိတယ်လို့ ဝန်ခံခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အင်ဒိုနီးရှားလူမျိုးဟာ မေလ ၁၀ ရက်က အထူးရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး အသတ်ခံရမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားဘုရင် ဆူလ်တန်မိုဟာမက်ဗွီ (Photo: The Straits Times)



မလေးရှားဘုရင်၊ ဝန်ကြီးချုပ်မဟာသီယာနဲ့ ဝန်ကြီးတစ်ဦးတို့ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့သူ အသက် ၃၄ နှစ်အရွယ် အလုပ်လက်မဲ့ အမျိုးသားကို Johor ပြည်နယ် Skudai မှာ ဇူလိုင် ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဟာရွှန်ကပြောပါတယ်။

"သံသယရှိသူက အိုင်အက်စ်ကိုထောက်ခံသူတစ်ဦး ဖြစ်ပါတယ်၊ သူက ဘုရင် ဆူလ်တန်မိုဟာမက်ဗွီ၊ ဝန်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်နဲ့ ဝန်ကြီးချုပ်ရုံးက ဝန်ကြီးတစ်ဦးဖြစ်တဲ့ မူဂျာဟစ်ယူဆွတ်ဖ်ရာဝါကို သတ်မယ်လို့ Facebook မှာ ခြိမ်းခြောက်ခဲ့ပါတယ်" လို့ ဟာရွှန်က ပြောခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာ (Photo: Reuters)



နောက်ထပ် သံသယရှိသူ မလေးရှားလူမျိုးနှစ်ဦးမှာ အသက် ၄၂ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတို့ကိုလည်း Johor မှာပင် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

၎င်းတို့နှစ်ဦးအနက် နည်းပညာရှင်ဖြစ်သူ အမျိုးသားက ယခုနှစ် မွတ်စလင်မ်ဥပုသ်လအပြီးမှာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့မှာ ဗုံးခွဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့သူ ဖြစ်ပါတယ်။

"သူက ဆီးရီးယားရဲ့ နောက်ဆုံး အခြေအနေတွေကို သိဖို့အတွက် အဲဒီမှာရောက်နေတဲ့ မလေးရှားလူမျိုး အိုင်အက်စ်အဖွဲ့ဝင် မိုဟာမက်ဝင်ဒီမိုဟာမက်ဂျက်ဒီနဲ့ မကြာခဏ ဆက်သွယ်ခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

Photo: Special Branch anti-terror E8 unit



မိုဟာမက်ဝင်ဒီဟာ ဆီးရီးယားရှိ ထင်ရှားတဲ့ မလေးရှားလူမျိုး အိုအက်စ်အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၇ ခုနှစ် လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ပါတယ်။

၎င်းဟာ ၂၀၁၆ ခုနှစ် ဇွန်လ ၂၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ မလေးရှားနိုင်ငံ Selangor ပြည်နယ် Puchong မြို့ရှိ Movida နိုက်ကလပ်ကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်မှုအား နောက်ကွယ်မှ စီစဉ်ခဲ့သူလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ သံသယရှိသူ မလေးရှားအမျိုးသမီးကတော့ ဆီးရီးယားမှာရောက်နေတဲ့ အိုင်အက်စ်အဖွဲ့ဝင် မလေးရှားအမျိုးသားတစ်ဦးကို ရင်းဂစ်ငွေ ၄၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀,၃၀၀) ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: Special Branch anti-terror E8 unit



အဆိုပါ အိုင်အက်စ်အဖွဲ့ဝင် မလေးရှားအမျိုးသားဟာ မိုဟာမက်နက်စ်ရူလာဆိုသူဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လအတွင်း ဆီးရီးယားမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ နောက်ထပ် ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်အဖြစ် သံသယရှိသူတစ်ဦးမှာ အသက် ၂၆ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသားဖြစ်ပါတယ်။

Terengganu မှာ ဖမ်းဆီးခဲ့တဲ့ အဆိုပါ အမျိုးသားဟာ အင်ဒိုနီးရှားအိုင်အက်စ်အဖွဲ့ (Islamic State of Indonesia - NII) အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း Bandung အကြမ်းဖက်အုပ်စုကို သစ္စာခံခဲ့သူဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က