တောင်ကိုရီးယား၊ ဗြိတိန်နဲ့ ကနေဒါတို့မှ ကျွမ်းကျင်သူတွေ ပါဝင်တဲ့အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှ ရေအောက်ပစ္စည်းရှာဖွေရေး အဖွဲ့တစ်ဖွဲ့က အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံ တန်ဖိုးရှိ ရွှေများပါရှိတဲ့ ရုရှားစစ်သင်္ဘောပျက်တစ်စီးကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo: Shinil Group





Telegraph သတင်းတစ်ရပ်မှာ ဖော်ပြထားမှုအရ အဆိုပါ စစ်သင်္ဘောဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၃ နှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပင်လယ်ရေကြောင်း တိုက်ပွဲတစ်ခုအတွင်း နစ်မြုပ်ခဲ့ကြောင်းနဲ့ သင်္ဘောပေါ်မှာ ရွှေတုံးနဲ့ ရွှေဒင်္ဂါး အမြောက်အမြား တင်ဆောင်ထားခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယားမှ Shinil Group က ရုရှားစစ်ဘင်္ဘော Dimitrii Donskoi ကို Ulleugdo ကျွန်းအနီး ပင်လယ်ရေအောက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။



Shinil Group ရဲ့ ရှာဖွေရေးအဖွဲ့မှာ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ ကနေဒါတို့မှ ကျွမ်းကျင်သူတွေ ပါဝင်ခဲ့ကြပြီး ဇူလိုင် ၁၅ ရက်မှာ ရုရှားစစ်သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါအဖွဲ့က လူလိုက်ပါတဲ့ အသေးစား ရေငုပ်သင်္ဘောနှစ်စီးကို အသုံးပြုပြီး သင်္ဘောပျက်ကို မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခဲ့ကြကြောင်း Telegraph သတင်းကပြောပါတယ်။

ဗီဒီယိုထဲမှာ ၁၉၀၅ ခုနှစ် မေလအတွင်း ဂျပန်စစ်သင်္ဘောနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နစ်မြုပ်ခဲ့တဲ့ ရုရှားစစ်သင်္ဘော အကြီးအကျယ် ပျက်စီးနေမှုကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သင်္ဘောပျက်ပေါ်မှာ အမြောက်နဲ့စက်သေနတ်များ၊ ကျောက်ဆူးနဲ့ သင်္ဘောမောင်းလက်ကိုင်တို့ကိုလည်း တွေ့ခဲ့ရပါတယ်။

Photo: Shinil Group



'သင်္ဘောကိုယ်ထည်က အမြောက်ထိမှန်ထားမှုကြောင့် အကြီးအကျယ် ပျက်စီးနေပါတယ်၊ သင်္ဘောပဲ့ပိုင်းက ကျိုးပြတ်လုနီးပါး ဖြစ်နေပါတယ်၊ သင်္ဘောကုန်းပတ်နဲ့ဘေးခြမ်းတွေကတော့ မူလပုံစံမပျက်ရှိနေဆဲပါ' လို့ Shinil Group ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Dmitrii Donskoi ဟာ စီးနင်းတိုက်ခိုက်ရေး ရုရှားစစ်သင်္ဘောဖြစ်ပြီး ၁၉၀၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Russo-Japanese စစ်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ အဆိုပါ စစ်သင်္ဘောဟာ မြေထဲပင်လယ်နဲ့ ရုရှားအရှေ့ဘက်စွန်းပိုင်း ပယ်လယ်ပြင်စစ်ဆင်ရေးတွေမှာ အဓိက ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

Photo: Shinil Group



BBC သတင်းရဲ့အဆိုအရ ကျွမ်းကျင်သူအချို့ကတော့ Dmitrii Donskoi ဟာ စစ်သင်္ဘောဖြစ်ပေမဲ့ ယခုလောက်တန်ဖိုးကြီးတဲ့ ရွှေပမာဏကို တင်ဆောင်ထားခဲ့မှုအပေါ် သံသယရှိနေပြီး မွေးခွန်းထုတ်ထားကြပါတယ်။

ဒါ့အပြင် တောင်ကိုရီးယား သတင်းဝက်ဘ်ဆိုက် Chosun Biz ကလည်း ရုရှားစစ်သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ Shinil Group ဟာ ဇွန်လအတွင်းမှသာ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ရာ ယခုကိစ္စအပေါ် သံသယများ ပိုမြင့်တက်လာခဲ့ကြပါတယ်။

Shinil Group ကတော့ ၎င်းတို့ဟာ ၁၉၅၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Shinil Corporation ကို ဆက်ခံတဲ့ကုမ္ပဏီ ဖြစ်တယ်လို့ ပြောခဲ့ကြောင်း BBC သတင်းကဆိုပါတယ်။ Shinil Group ကို အမေရိကန်ဒေါ်လာ ၈၈,၀၀၀ ဖြင့်သာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း BBC က ဖော်ပြခဲ့ပါတယ်။

Photo: BBC



ရွှေအမြောက်အမြား တင်ဆောင်ထားတဲ့ ရုရှားစစ်သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ Shinil Group က ၎င်းတို့ရရှိလာမယ့် ငွေပမာဏထဲကနေ မြောက်ကိုရီးယားကို ဖြတ်သန်းပြီး ရုရှားနဲ့တောင်ကိုရီးယားကို ဆက်သွယ်ဖောက်လုပ်မယ့် ရထားလမ်းတည်ဆောက်ရေးမှာ ထည့်ဝင်အသုံးပြုသွားမယ်လို့ ကတိပြုခဲ့ကြောင်း Telegraph သတင်းက ပြောပါတယ်။

ရှာဖွေတွေ့ရှိတဲ့ ရွှေပမာဏ ထက်ဝက်ကို ရုရှားအစိုးရထံ လွှဲပြောင်းသွားမှာဖြစ်ပြီး ကျန်ရှိတဲ့ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို Ulleungdo ကျွန်း ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။ ရုရှားစစ်သင်္ဘောပျက်မှ ရွှေပမာဏရဲ့ ဝေစုတစ်ခုကိုလည်း အရှေ့မြောက်အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲစီမံကိန်းတွေအတွက် ထည့်ဝင်လှူဒါန်းသွားမယ်လို့ Shinil Group က ပြောထားပါတယ်။

Share

Loading Next Article...
က္က