AD
AD
AD

အဂတိလိုက်စားမှု အရှုပ်အထွေးဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေးကို အစိုးရထောက်လှမ်းရေးဌာနမှ တရားမဝင် ငွေလက်ခံမှုနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှုတို့ဖြင့် တရားရုံးက နောက်ထပ် ထောင်ဒဏ် ၈ နှစ် ယနေ့ (ဇူလိုင် ၂၀ ရက်) ချမှတ်လိုက်ပါတယ်။

play
တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေး (Photo: Reuters)


သမ္မတဟောင်းပတ်ဂွမ်ဟေးဟာ အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးမှုတို့ဖြင့် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်မှာ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံထားရကြောင်းလည်း သိရပါတယ်။ ပတ်ဂွမ်ဟေးကို အဂတိလိုက်စားမှု အရှုပ်အထွေးမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် လူပေါင်းသန်းနဲ့ချီ ပါဝင်ကြတဲ့ ဆန္ဒပြမှုတွေလည်း ယမန်နှစ်အတွင်း ပေါ်ပေါက်ခဲ့ပါတယ်။

play
ပတ်ဂွမ်ဟေးကို ဆန္ဒပြမှုမြင်ကွင်း (Photo: AHN YOUNG-JOON/AP)


ထို့နောက် သူမကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ခဲ့ပြီး သမ္မတရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ ပတ်ဂွမ်ဟေးဟာ တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလည်း ဖြစ်ခဲ့ပါတယ်။ ယနေ့ တရားခွင်သို့လာရောက်ရန် ငြင်းဆန်ခဲ့ပြီး သူမရဲ့မျက်ကွယ်မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပတ်ဂွမ်ဟေးက တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (National Intelligence Service - NIS) ထံမှ တရားမဝင်ငွေများ လက်ခံရယူခဲ့မှုနဲ့ ၂၀၁၆ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲအတွက် သူမရဲ့အာဏာရပါတီမှ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ဝင်ရောက်စွက်ဖက်ခဲ့မှုတို့ဖြင့် ဆိုးလ်မြို့ ဗဟိုခရိုင်တရားရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။

play
ပတ်ဂွမ်ဟေး၏ဖခင် ပတ်ချွန်ဟီး (Photo: AFP)


တရားရုံးက ပတ်ဂွမ်ဟေးကို NIS ထံမှ ကိုရီးယားဝမ်ငွေ ၃.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ သန်း) ရယူခဲ့မှုဖြင့် ထောင်ဒဏ် ၆ နှစ်နဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ အသက် ၆၆ နှစ်အရွယ် သမ္မတဟောင်းပတ်ဂွမ်ဟေး ကျခံရမယ့် ထောင်ဒဏ်ဟာ စုစုပေါင်း ၃၂ နှစ်အထိ ဖြစ်လာခဲ့ပါတယ်။

play
ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသည့် ချိုဆွန်ဆေးလ် (Photo: AFP)


ပတ်ဂွမ်ဟေးဟာ သူငယ်ချင်းဖြစ်တဲ့ ချိုဆွန်ဆေးလ်နဲ့ ပူးပေါင်းပြီး ဆမ်ဆောင်းနဲ့ Lotte အပါအဝင် နာမည်ကြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများထံမှ လာဘ်ငွေများရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ သမ္မတဟောင်း ပတ်ဂွမ်ဟေးရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်ကိုလည်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့တဲ့ ပတ်ဂွမ်ဟေးဟာ တာင်ကိုရီးယားကို ၁၉၆၁ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ သံမဏိစည်းမျဉ်းစည်းကမ်းတွေနဲ့ ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဆန်သူ ပတ်ချွန်ဟီးရဲ့ သမီးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD