"တရုတ်က နှပ်ချနေတာ ကျွန်တော်တို့ အချိန်အကြာကြီး ခံခဲ့ရပြီးပြီ" လို့ ထရန့်က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်သို့ တင်သွင်းလာတဲ့ တရုတ်ကုန်ပစ္စည်းအားလုံးကို အခွန်စည်းကြပ်ကောက်ခံသွားရန် လိုလားနေကြောင်း ဇူလိုင် ၂၀ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

2018-07-20_210021.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Photo: Reuters)



CNBC သတင်းဌာနနဲ့ အင်တာဗျူးရာမှာ သမ္မတထရန့်က ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်သို့ တင်သွင်းခွင်ပြုခဲ့တဲ့ ဒေါ်လာ ၅၀၅.၅ ဘီလီယံ တန်ဖိုးရှိ တရုတ်သွင်းကုန်တွေကို ရည်ညွန်းလျက် "၅၀၀ ကို အခွန်စည်းကြပ်ဖို့ ကျွန်တော် အသင့်ပဲ" လို့ ပြောခဲ့ကြောင်း သိရပါတယ်။



"ကျွန်တော် ဒါကို နိုင်ငံရေးအတွက် လုပ်နေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့နိုင်ငံအတွက် မှန်မှန်ကန်ကန်ဖြစ်စေဖို့ ဒါကို လုပ်နေတာပါ" လို့လည်း ထရန့်ကဆိုပါတယ်။ ဒါ့အပြင် "ကျွန်တော်တို့ တရုတ်က နှပ်ချတာ အချိန်အကြာကြီး ခံခဲ့ရပြီးပြီ" လို့လည်း သမ္မတထရန့်က ဖြည့်စွက်ပြောခဲ့ပါသေးတယ်။

တရုတ်သမ္မတရှီကျင်းပင် (Photo: news.cn)



အချည်းနှီးဖြစ်ခဲ့တဲ့ ရက်သတ္တပတ်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေပြီးနောက် အမေရိကန်က ယခုလအစောပိုင်းမှာ ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ တရုတ်နိုင်ငံမှ စက်မှုနဲ့နည်းပညာဆိုင်ရာ ထုတ်ကုန်တွေကို ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံရန် သတ်မှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံကလည်း အမေရိကန်ရဲ့ ထိုလုပ်ရပ်အတွက် လက်တုံ့ပြန်သွားမယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်ဟာ စီးပွားရေးသမိုင်းမှာ အကြီးမားဆုံး ကုန်သွယ်ရေးစစ်ပွဲကို စတင်လိုက်ခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံက စွပ်စွဲခဲ့ပါတယ်။

အမေရိကန်က ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ တရုတ်သွင်းကုန်တွေကိုလည်း အခွန်စည်းကြပ်ကောက်ခံရန် သုံးသပ်နေပြီး မကြာမီ လက်တွေ့ လုပ်ဆောင်လာနိုင်ကြောင်း သိရပါတယ်။

Infographic: BBC



တရုတ်သွင်းကုန်တွေကို အခွန်ကောက်ခံမှုတွေ လုပ်ဆောင်နေခြင်းနဲ့ ပတ်သက်ပြီး "ကျွန်တော် သူတို့ကို ကြောက်လန့်စေချင်တာ မဟုတ်ဘူး၊ သူတို့ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်စေချင်တာ၊ ကျွန်တော် သမ္မတရှီကျင်းပင်ကို တစ်ကယ် သဘောကျပါတယ်၊ ဒါပေမဲ့ ကုန်သွယ်မှုက အလွန်ကို မမျှတပါဘူး" လို့ CNBC အင်တာဗျူးမှာ ထရန့်က ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ကြား သွင်းကုန်အခွန်များ အပြန်အလှန် စည်းကြပ်ကောက်ခံမှုနဲ့အတူ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ပိုမိုဆိုးရွားလာမှာကို စိုးရိမ်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က