ဘရွတ်ကလင်းရှိ သင်ကြားကုသရေး ဆေးရုံမှာ သူနာပြုအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ ဘရွတ်ကလင်းမှာရှိတဲ့ တိုက်ခန်းတစ်ခုမှာ သေဆုံးနေတဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ အလောင်းကို သူမရဲ့ အိပ်ခန်းဗီရိုတစ်ခုအတွင်း အိပ်ရာခင်းဖြင့် မံမီကဲ့သို့ထုပ်ပိုးထားလျက် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေါ်ကြည်မာသိန်း၏အလောင်းကို သယ်ယူလာစဉ် (Photo: (Theodore Parisienne/New York Daily News)



ယမန်နေ့ (ဇူလိုင် ၂၁ ရက်) ဒေသစံတော်ချိန် မနက် ၇ နာရီဝန်းကျင်းက အိပ်ခန်းဗီရိုအတွင်း တွေ့ရှိခဲ့ရတဲ့ သေဆုံးနေသူဟာ ဒေါ်ကြည်မာသိန်းအမည်ရှိ အသက် ၅၈ နှစ်အရွယ် မြန်မာအမျိုးသမီးဖြစ်ပြီး သုံးရက်ကြာ ပျောက်ဆုံးနေခဲ့ရာမှ အလောင်းပြန်ရှာတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ်ကြည်မာသိန်းဟာ ဘရွတ်ကလင်းရှိ SUNY Downstate Medical Center မှာ သူနာပြုအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၈ ရက်) ညပိုင်းကတည်းက လုပ်ငန်းခွင်သို့ လာရောက်ခဲ့ခြင်းမရှိဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။

ယမန်နေ့ မနက်အစောပိုင်းမှာတော့ စိတ်ပူနေကြတဲ့ ဒေါ်ကြည်မာသိန်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူမ နေထိုင်တဲ့ East Flatbush တိုက်ခန်းကို လာရောက်ကြည့်ရှုခဲ့ကြရာမှ သေဆုံးနေတာ တွေ့ရှိခဲ့ရပါတယ်။

သေဆုံးသူ ဒေါ်ကြည်မာသိန်း (Photo: Kyimar Thein Facebook)



သေဆုံးသူဟာ ရုန်းကန်တိုက်ခိုက်ထားတဲ့ လက္ခဏာမတွေ့ရကြောင်းနဲ့ တိုက်ခန်းထဲမှာ အခြား မည်သူ့ကိုမျှ မတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ အဆိုပါ တိုက်ခန်းမှာ လုယက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းရှိ မရှိကိုလည်း သေချာစွာ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့ကပြောကြောင်း New York Daily News မှာ ဖော်ပြထားပါတယ်။

ဒေါ်ကြည်မာသိန်းရဲ့သတင်းကို ကြားသိကြပြီးနောက် နာရီပိုင်းအကြာမှာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက တိုက်ခန်းအပြင်ဘက်မှာ လာရောက်စုရုံးခဲ့ကြပါတယ်။ သေဆုံးသူ ဒေါ်ကြည်မာသိန်းထံမှာ သားတစ်ဦးရှိပြီး ဆရာဝန်ဖြစ်ကြောင်း အိမ်နီးချင်းတွေက ပြောကြပါတယ်။

ဒေါ်ကြည်မာသိန်း နေထိုင်သည့် တိုက်ခန်း (Photo: (Theodore Parisienne/New York Daily News)



လွန်ခဲ့တဲ့ ၂ လခန့်မှာ ဒေါ်ကြည်မာသိန်းက အသက် ၂၃ နှစ်အရွယ် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးကို သူမနဲ့အတူ နေထိုင်စေခဲ့တယ်လို့ အခြား လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောခဲ့ပါတယ်။ လက်ရှိမှာ ဒေါ်ကြည်မာသိန်းနဲ့ အတူနေထိုင်ခဲ့တဲ့ အမျိုးသမီးလည်း ပျောက်နေတယ်လို့ဆိုပါတယ်။

သေဆုံးသူ ဒေါ်ကြည်မာသိန်းဟာ ခရီးသွားရတာကို နှစ်သက်သူဖြစ်ပြီး နိုင်ငံအတော်များများကို သွားရောက် လည်ပတ်ခဲ့ဖူးကြောင်း သူမရဲ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ ဒေါ်ကြည်မာသိန်း ပဟေဠိဆန်ဆန် သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး သံသယရှိသူ တစ်စုံတစ်ဦးကို ဖမ်းဆီးခြင်းမရှိသေးဘဲ သေဆုံးရတဲ့အကြောင်းရင်းကို သိရှိနိုင်ရန် အလောင်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က