ဒေသစံတော်ချိန် ဇူလိုင် ၂၂ ရက် ညပိုင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့လယ်အနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးငယ်နှစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ယမန်နေ့ (ဇူလိုင် ၂၂ ရက်) ညပိုင်းက တိုရွန်တိုမြို့ Greektown ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေနတ်သမားလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

တိုရွန်တိုမှာ ပစ်ခတ်ခဲ့သည့် သေနတ်သမားပုံရိပ် (Photo: Global News Toronto)



Greentown ဒေသ Danfoth လမ်းမကြီးမှာ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းကို ည ၁၀ နာရီမှ စတင်သိရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သူအချို့ကို အခင်းဖြစ်နေရာမှာ ကုသပေးခဲ့ပြီး အခြား ဒဏ်ရာရသူတွေကိုတော့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ မိန်းကလေးငယ်နှစ်ဦးဟာ အသက် ၁၀ နှစ်အရွယ်နဲ့ ၁၈ နှစ်အရွယ်တွေ ဖြစ်ကြကြောင်း သိရပါတယ်။ တိုရွန်တိုမှာ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ ဖိုင်ဆယ်ဟူစိန် အမည်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါယတယ်။

သေဆုံးခဲ့သည့် အသက် ၁၈ နှစ်အရွယ် မိန်းကလေး (Photo: COURTESY FACEBOOK/NATHANIEL ERSKINE-SMITH)



သေနတ်သမားက စားသောက်ဆိုင်တစ်ဆိုင်ကို ပစ်မှတ်ထားခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။ "ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းအားလုံးကို ရှာဖွေစစ်ဆေးနေပါတယ်" လို့ တိုရွန်တိုရဲတပ်ဖွဲ့ အကြီးအကဲ မာ့ခ်ဆောင်းဒါးစ်က ပြောခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာဟာ တိုရွန်တိုမြို့ အရှေ့ဘက်စွန်းပိုင်းမှာဖြစ်ပြီး စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနဲ့ အရောင်းဆိုင်များဖြင့် ထင်ရှားပါတယ်။ သေနတ်သမားနဲ့ ရဲတပ်ဖွဲ့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo: Global News Toronto



မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ အဆိုအရ သေနတ်သံ ၂၅ ချက် ကြားခဲ့ရကြောင်း citynews.com သတင်းက ပြောပါတယ်။ တိုရွန်တိုမြို့မှာ ယခုနှစ်အတွင်း သေနတ်ဖြင့် အကြမ်းဖက်မှုတွေ မြင့်တက်ဖြစ်ပွားလာခဲ့ပါတယ်။

တိုရွန်တိုမြို့မှာ ယခုနှစ်အတွင်း သေနတ်ဖြင့် အကြမ်းဖက်မှုကြောင့် သေဆုံးသူအရေအတွက် ၂၆ ဦးရှိခဲ့ပြီး ယမန်နှစ် အလားတူအချိန်ကထက် ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

Photo: Global News Toronto



ပစ်ခတ်မှုဖြစ်ပွားနှုန်းဟာလည်း ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တိုရွန်တိုရဲတပ်ဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကြောင့် ပစ်ခတ်မှုများ မြင့်တက်ဖြစ်ပွားနေကြောင်း အာဏာပိုင်တွေက ပြောဆိုခဲ့ပြီး တိုရွန်တိုမြို့မှာ ပစ်ခတ်မှုတွေကို အရေးယူဆောင်ရွက်ရန် ရဲတပ်ဖွဲ့ဝင်အင်အား ၂၀၀ ဖြန့်ကျက်ချထားကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က