ဂြိုဟ်တုဓာတ်ပုံတွေအရ ဒုံးကျည်ပစ်လွှတ်တဲ့နေရာကို ဖျက်သိမ်းမှု စတင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက နိုင်ငံအနောက်မြောက်ပိုင်းရှိ အဓိကျတဲ့ ဒုံးကျည်ပစ်လွှတ် စမ်းသပ်စခန်းတစ်ခုကို ဖျက်သိမ်းမှု စတင်ခဲ့ပုံရကြောင်း သိရပါတယ်။

Photo: AFP/PLEIADES CNES 2018





အမေရိကန်အခြေစိုက် စောင့်ကြည့်အဖွဲ့ 38 North က တွေ့ရှိခဲ့ရတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ မြောက်ကိုရီးယားက Sohae Satellite Launching Station ရှိ ဒုံးကျည်ပစ်လွှတ်တဲ့နေရာကို ဖျက်သိမ်းမှု စတင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း ဒုံးကျည်အင်ဂျင် စမ်းသပ်စခန်းတစ်ခုကို ဖျက်သိမ်းသွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။

Photo: Reuters



ထိုစဉ်က မည်သည့် စမ်းသပ်စခန်းကို ဖျက်သိမ်းမယ်လို့ အတိအကျ မပြောထားခဲ့ပါဘူး။ မြောက်ကိုရီးယားအစိုးရက Sohae ကို အာကာသအတွင်းသို့ ဂြိုဟ်တုလွှတ်တင်ရေးစခန်းအဖြစ် ပြောထားခဲ့ပေမဲ့ အမေရိကန်ကတော့ အဆိုပါစခန်းနေရာကို တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတွေအတွက် အသုံးပြုခဲ့ကြောင်း သံသယရှိထားပါတယ်။

ဇွန် ၁၂ ရက် ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေး လုပ်ဆောင်သွားရန် သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

Photo: AFP



သို့သော် အဆိုပါ သဘောတူညီချက်မှာ မြောက်ကိုရီးယားက ၎င်းရဲ့ နျူကလီးယားလက်နက်တွေကို မည်သည့်အချိန်အတွင်း မည်သို့ဖျက်သိမ်းသွားမယ့် အသေးစိတ် ဖော်ပြမှုတွေ မပါဝင်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်သမ္မတထရန့်က မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အချိန်ကန့်သတ်ထားခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။

Infographic: CNA



ထရန့်က မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးတက်မှုကို အလွန်ပျော်ရွှင်ကြောင်းနဲ့ ပြုံယမ်းအနေနဲ့ ပြီးခဲ့တဲ့ ကိုးလအတွင်း ဒုံးကျည်ပစ်လွှတ်မှု သို့မဟုတ် နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ခဲ့ခြင်းလည်း မရှိကြောင်း တနင်္လာနေ့ (ဇူလိုင် ၂၃ ရက်) အစောပိုင်းက Twitter မှာ ရေးသားထားခဲ့ပါတယ်။

စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာ ကတိပြုထားခဲ့တဲ့အတိုင်း မြောက်ကိုရီးယားက လက်တွေ့ လိုက်နာလိုခြင်းရှိ မရှိ မေးခွန်းထုတ်မှုနဲ့ သံသယရှိမှုတွေ မြင့်တက်လာစဉ်မှာ Sohae ဒုံးကျည်ပစ်လွှတ်စခန်းကို ဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က