AD
AD
AD

လာအိုနိုင်ငံ အရှေ့တောင်ပိုင်းမှာ ရေအားလျှပ်စစ်စီမံကိန်းအတွက် တည်ဆောက်ထားတဲ့ ရေလှောင်ဆည်တစ်ခု ကျိုးပေါက်ခဲ့မှုအတွင်း လူပေါင်းရာနဲ့ချီ ပျောက်ဆုံးနေပြီး အရေအတွက် မသိရသေးတဲ့ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရသတင်းဌာနက ယနေ့ (ဇူလိုင် ၂၄ ရက်) ပြောပါတယ်။

play
ရေလှောင်ဆည်ကို ကွန်ပျူတာဖြင့် ပုံဖော်ထားမှု (Photo: Xe Pian Xe Namnoy)


လာအိုအရှေ့တောင်ပိုင်း Attapeu ဒေသရှိ ရေလှောင်ဆည်ဟာ ယမန်နေ့ (ဇူလိုင် ၂၃ ရက်) ညပိုင်းမှာ ကျိုးပေါက်သွားခဲ့ရာ ရေပမာဏ ကုဗမီတာ ၅ ဘီလီယံ စီးထွက်သွားခဲ့ပါတယ်။ အဆိုပါ ရေပမာဏဟာ အိုလံပစ်ပြိုင်ပွဲမှ ရေကူးကန်အရေအတွက် ၂ သန်းကျော်ရှိ ရေပမာဏနဲ့ တူညီတယ်လို့ဆိုပါတယ်။

ဆည်ကျိုးပေါက်မှုကြောင့် မိသားစု ၁,၃၀၀ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ လာအိုသတင်းဌာန (Laos News Agency) က 'လူသေဆုံးမှုတွေ ရှိခဲ့ပါပြီး ရာနဲ့ချီတဲ့ လူတွေ ပျောက်ဆုံးနေပါတယ်' လို့ ပြောပါတယ်။

play
Infographic: AFP


ဆည်ကျိုးပေါက်ရာမှ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာခြောက်ရွာရှိ လူဦးရေ ၇,၀၀၀ နီးပါး ရေကြီးမှုကြုံနေရကြောင်း သိရပါတယ်။ ဆည်ကျိုးပေါက်ပြီးနောက် San Sai ဒေသမှာ ရေကြီးမှုတွေ ဖြစ်ပေါ်လာခဲ့ရာ အာဏာပိုင်တွေက စက်လှေများစေလွှတ်ကာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ABC Laos သတင်းက ဖော်ပြပါတယ်။

play
ရေကြီးမှုကြောင့် ဒေသခံများ ရွှေ့ပြောင်းကြစဉ် (Photo: Lao News Agency KPL)


အဆိုပါဒေသ တောင်ပိုင်းမှာရှိတဲ့ နေအိမ်အချို့ ရေကြီးမှုအတွင်း မျောပါသွားခဲ့ကြောင်းလည်း သိရပါတယ်။ လာအိုတောင်ပိုင်း ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ ရေကြီးနေခဲ့ပြီးနောက် Xe Pian Xe ဆည်ကျိုးပေါက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဆည်ကျိုးပေါက်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

play
Photo: AP via Attapeu Today


အဆိုပါ ရေလှောင်ဆည်ကို ဗီယက်နမ်အခြေစိုက် Xe Pian Xe Namnoy လျှပ်စစ်စွမ်းအင်ကုမ္ပဏီက ထိုင်းနိုင်ငံမှ Ratchaburi Electricity Generating Holding၊ တောင်ကိုရီးယားနိုင်ငံမှ Korea Western Power၊ အစိုးရပိုင် Lao Holding State Enterprise တို့နဲ့ ပူးပေါင်းတည်ဆောက်ခဲ့ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ဖြစ်တယ်လို့ သိရပါတယ်။

play
ရေလှောင်ဆည်တည်ရှိရာ ဒေသအတွင်း ရေကြီးနေမှု (Photo: ABC Laos video footage)


ရေအားလျှပ်စစ်စီမံကိန်းအတွက် ဆည်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝမ် ၄၁၀ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ အဆိုပါ ရေလှောင်ဆည်ကို အသုံးပြုပြီး လာမယ့် ၂၀၁၉ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

Xe Pian Xe ဆည်ကို အသုံးပြုပြီး ထုတ်လုပ်မယ့် ရေအားလျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ပို့လွှတ်မှာဖြစ်ပြီး ကျန်ရှိတဲ့ ဓာတ်အားပမာဏကိုတော့ လာအိုပြည်တွင်းမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD