AD
AD
AD

လတ်တလော ကာလအတွင်း အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးတိုးတက်လာမှုနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကတိပြုမှုတွေ ရှိနေခဲ့ပေမဲ့လည်း မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်အသစ်များ တည်ဆောက်သွားရန် ပြင်ဆင်နေပုံရကြောင်း သတင်းများထွက်ပေါ်လာပါတယ်။

play
မြောက်ကိုရီးယား ဒုံးကျည်တည်ဆောက်ရေး စခန်းနေရာ (Photo: BBC)


အမည်မဖော်ပြထားတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ဝါရှင်တန်ပို့စ်သတင်းဌာနကို ပြောကြားမှုအရ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တည်ဆောက်ရေးစခန်းမှာ ဆက်တိုက်လှုပ်ရှားမှုတွေကို ထောက်လှမ်းရေးဂြိုဟ်တုမှတစ်ဆင့် တွေ့မြင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်အသစ် တည်ဆောက်ရေးလုပ်ငန်းဟာ မည်မျှအတိုင်းအတာအထိ ပြီးမြောက်ခဲ့ကြောင်းကိုမူ ရှင်းလင်းစွာ မသိရှိရဘူးလို့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့မှုကို ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။

play
မြောက်ကိုရီးယားရဲ့ Hwasong-15 ဒုံးကျည် (Photo: Yonhap)


တနင်္လာနေ့ (ဇူလိုင် ၃၀ ရက်) က ဝါရှင်တန်ပို့စ်သတင်းစာမှာ ဖော်ပြခဲ့မှုအရ မြောက်ကိုရီးယားက လောင်စာအရည်သုံး တိုက်ချင်းပစ်ပဲ့ထိန်ဒုံးကျည် (intercontinental ballistic missiles - ICBMs) တစ်စင်း သို့မဟုတ် နှစ်စင်းကို ပြုံယမ်းမြို့တော်အနီးရှိ Sanumdong စခန်းမှာ တည်ဆောက်သွားရန် ပြင်ဆင်နေပုံရကြောင်း သိရပါတယ်။

အဆိုပါ ဒုံးကျည်တည်ဆောက်ရေးစခန်းမှာ ယခင်ကလည်း အမေရိကန်အထိရောက်အောင် ပစ်လွှတ်နိုင်တဲ့ မြောက်ကိုရီးယားရဲ့ Hwasong-15 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို တည်ဆောက်ထုတ်လုပ်ခဲ့ဖူးပါတယ်။

Sanumdong စခန်းနေရာမှာ မော်တော်ယာဉ်များ ဝင်ထွက်သွားလာမှုကို ထောက်လှမ်းရေးဂြိုဟ်တုမှတစ်ဆင့် တွေ့ရကြောင်း၊ သို့သော် ဒုံးကျည်အရေအတွက် မည်မျှအထိ တည်ဆောက်နေကြောင်းကိုမူ မသိရှိရကြောင်း ရိုက်တာသတင်းက ပြောပါတယ်။

play
စင်ကာပူမှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည့် ကင်မ်နဲ့ထရန့် (Photo: AFP)


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ဇွန်လ ၁၂ ရက်က စင်ကာပူမှာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြပါတယ်။

ထိပ်သီးဆွေးနွေးပွဲအပြီးမှာလည်း အမေရိကန်သမ္မတထရန့်က မြောက်ကိုရီးယားဟာ နျူကလီးယား ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူးလို့ ပြောခဲ့ပါတယ်။

သို့သော် ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်အတွင်း ကင်မ်ဂျုံအန်ထံမှ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို အဆုံးသတ်မယ်လို့ ခိုင်မာတဲ့ကတိပြုမှုနဲ့ လက်တွေ့ လိုက်နာလုပ်ဆောင်မယ့် အသေးစိတ် အစီအစဉ်ဖော်ပြမှုတွေ မရရှိခဲ့ဘဲ အလျှော့ပေးလိုက်လျောခဲ့ကြောင်း အမေရိကန်ပြည်တွင်းမှာ သမ္မတထရန့်ကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD