မိုးရေချိန် ၆ လက်မထိ ရွာသွန်းခဲ့ပြီးနောက် ဆည်ရဲ့ရေသိုလှောင်နိုင်မှု ပမာဏကို ကျော်လွန်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် လိုက်ချ်ဘာ့ဂ်မြို့မှာ ရေကြီးမှုတွေကြောင့် မြို့အနီးရှိ ရေလှောင်ဆည်ကျိုးကျနိုင်ကြောင်း စိုးရိမ်နေရသဖြင့် မြို့ခံတွေကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

လိုက်ချ်ဘာ့မြို့အနီး ရေကြီးနေမှု (Photo: CBS News)



ကြာသပတေးနေ့ (သြဂုတ် ၂ ရက်) ညပိုင်းက မိုးရေချိန် ၆ လက်မထိ ရွာသွန်းခဲ့ပြီးနောက် လိုက်ချ်ဘာ့ဂ်မြို့အနီးရှိ College Lake ဆည်ဟာ ၎င်းရဲ့ရေသိုလှောင်နိုင်မှု ပမာဏကို ကျော်လွန်ခဲ့ကာ ရေများလျှံကြနေတယ်လို့ လိုက်ချ်ဘာ့ဂ် ရေအရင်းအမြစ်ဌာနက ပြောခဲ့ပါတယ်။

လိုက်ချ်ဘာ့ဂ်မြို့ဟာ College Lake ဆည်ရဲ့အောက်ဘက် အနီးဆုံးမှာ တည်ရှိနေပါတယ်။ အကယ်၍ အဆိုပါဆည် လုံးဝကျိုးပေါက်ခဲ့ပါက ဆည်ရဲ့အောက်ဘက် နေရာတွေမှာ အမြင့် ၁၇ ပေအထိ ရေကြီးမှုကြုံရနိုင်ကြောင်း သက်ဆိုင်ရာဌာနက ပြောထားပါတယ်။

Map: Google



ဗားဂျီးနီးယားပြည်နယ်ရှိ လိုက်ချ်ဘာ့ဂ်မြို့မှာ လူဦးရေ ၈၀,၀၀၀ နေထိုင်ကြပြီး Blue Ridge တောင်တန်းဒေသမှာ တည်ရှိကြောင်းသိရပါတယ်။ အာဏာပိုင်တွေက ရေကြီးနေတဲ့ လမ်းမများပေါ်မှာ ကားမမောင်းကြရန်နဲ့ ရေကြီးမှုအတွင်း အမှိုက်များ ပါလာနိုင်ကြောင်း သတိပေးထားပါတယ်။

ဒေသခံ ရုပ်မြင်သံကြားသတင်းဌာန WDBJ7 က ဖော်ပြမှုအရ ဆည်ကျိုးပေါက်ခဲ့ပါက ရေကြီးမှုအန္တရာယ်ကြုံရနိုင်တဲ့ နေအိမ်များမှ မြို့ခံအများအပြားကို ရေဘေးလွတ်နိုင်တဲ့ စာသင်ကျောင်းများသို့ ရွှေ့ပြောင်းထားကြောင်း သိရပါတယ်။

၎င်းတို့ကို အနည်းဆုံး ၂၄ နာရီကြာ နေအိမ်များသို့မပြန်ကြရန် အကြံပြုထားတယ်လို့ ဆိုပါတယ်။ ရေကြီးမှုအန္တရာယ် ကြုံရနိုင်တဲ့ အိမ်ထောင်စု ၁၂၄ ခုကို ရွှေ့ပြောင်းကြရန် တိုက်တွန်းခဲ့ကြောင်း လိုက်ချ်ဘာ့ဂ် အရေးပေါ်ဌာနက ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က