AD
AD
AD

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ လူနေတိုက်ခန်းတစ်ခုမှာ ၎င်းတို့ကို နှိပ်စက်ညှဉ်းပန်းတဲ့ ဖခင်ဖြစ်သူ မာဖီးယားဂိုဏ်းခေါင်းဆောင်အား ဓားဖြင့်ထိုး၊ တူဖြင့်ထုသတ်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ် ညီအစ်မသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစွဲချက်တင်ထားကြောင်း သိရပါတယ်။

play
မစ်ခ်ဟေးနှင့် သမီးသုံးဦး (Photo: EAST2WEST NEWS)


အသက် ၁၇ နှစ်၊ ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ် ညီအစ်မသုံးဦးကလည်း ၎င်းတို့ရဲ့ ဖခင်ကိုသတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ ၎င်းတို့သုံးဦးကို လာမယ့် စက်တင်ဘာ ၂၈ ရက်အထိ ဖမ်းဆီးထားရန် တရားရုံးက ယမန်နေ့ (သြဂုတ် ၃ ရက်) မှာ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

အသက် ၅၇ နှစ်အရွယ် ဖခင်ဖြစ်သူ မစ်ခ်ဟေး ခါချာတူရိုင်ယန် (Mikhail Khachaturyan) က ၎င်းတို့ကို ပညာသင်ကြားခွင့် ရပ်ဆိုင်းခဲ့ပြီး လက်နက်များဖြင့် ခြိမ်းခြောက်ကာ ကျွန်များသဖွယ် ထိန်းသိမ်းထားခဲ့တယ်လို့ ညီအစ်မသုံးဦးက ပြောပါတယ်။

play
သမီးသုံးဦးက ပူးပေါင်းသတ်ခဲ့သည့် ဖခင်ဖြစ်သူ မစ်ခ်ခေး (Photo: EAST2WEST NEWS)


ညီအစ်မသုံးဦးရဲ့ မိခင်ဖြစ်သူကတော့ နှိပ်စက်ခံရမှုတွေကြောင့် ထွက်ပြေးသွားခဲ့ပြီးနောက် သူမနဲ့ အဆက်အသွယ် မလုပ်နိုင်ရန် မစ်ခ်ခေးက ပိတ်ပင်ထားခဲ့တယ်လို့ ဆိုပါတယ်။

အသတ်ခံရတဲ့ ဖခင်ဖြစ်သူရဲ့ အလောင်းကို မော်စကိုမြို့ရှိ ၎င်းတို့မိသားစုနေထိုင်ရာ တိုက်ခန်းရဲ့ ဓာတ်လှေခါးအနီးမှာ ဇူလိုင် ၂၇ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ညီအစ်မသုံးဦးရဲ့ဖခင် Mikhail ဟာ ဓားဒဏ်ရာ အချက် ၄၀ ခန့်ဖြင့် သေဆုံးခဲ့ကြောင်း ရုရှားသတင်းတွေက ပြောပါတယ်။

play
အသက် ၁၉ နှစ်အရွယ် ခရစ္စတီနာ (Photo: EAST2WEST NEWS)


စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အဆိုအရ ညီအစ်မသုံးဦးအနက် အသက် ၁၇ နှစ်အရွယ် မာရီယာက ဖခင်ဖြစ်သူ မစ်ခ်ခေးကို ဓားဖြင့် ၃၅ ချက်ထိုးခဲ့ပြီး အစ်မနှစ်ဦးဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် အန်ဂျလီနာနဲ့ အသက် ၁၉ နှစ်အရွယ် ခရစ္စတီနာတို့က ဦးခေါင်းကို တူဖြင့်အကြိမ်ကြိမ်ထုခဲ့ကာ မျက်နှာကိုလည်း ငရုပ်ကောင်းရည်ဖြင့် ဖြန်းပက်ခဲ့ကြောင်း သိရပါတယ်။

play
အသက် ၁၇ နှစ်အရွယ် မာရီယာ (Photo: EAST2WEST NEWS)


ညီအစ်မသုံးဦးဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၈ နှစ်မှ နှစ် ၂၀ ကြား ကျခံရနိုင်တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူက ၎င်းတို့ကို လေးနှစ်ကြာ နှိပ်စက်ညှဉ်းပန်းခဲ့၊ အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောခဲ့ကြပြီးနောက် လွတ်မြောက်လိမ့်မယ်လို့ ညီအစ်မသုံးဦးက မျှော်လင့်ခဲ့ကြပါတယ်။

သို့သော် တရားရုံးက ပူးပေါင်းလူသတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေစဉ် ညီအစ်မသုံးဦးကို ဖမ်းဆီးထားရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ညီအစ်မသုံးဦးရဲ့ ရှေ့နေတွေကတော့ ၎င်းတို့ကို ၂ လကြာ ဖမ်းဆီးထားမယ့် တရားရုံးအမိန့်ကို အယူခံဝင်သွားမယ်လို့ ပြောပါတယ်။

play
အသက် ၁၈ နှစ်အရွယ် အန်ဂျလီနာ (Photo: EAST2WEST NEWS)


ညီအစ်မသုံးဦးအနက် အန်ဂျလီနာရဲ့ ထွက်ဆိုမှုအရ ဖခင်ဖြစ်သူက အခင်းမဖြစ်မီ ရက်ပိုင်းအလိုမှာ သူမနဲ့ ခရစ္စတီနာတို့ကို အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူ မစ်ခ်ခေးဟာ သူမရဲ့အသက် ၁၄ နှစ်အရွယ်ကတည်းက အဓမ္မပြုကျင့်ခဲ့တယ်လို့လည်း အန်ဂျလီနာက ဖြည့်စွက်ပြောခဲ့ပါတယ်။

မာရီယာရဲ့ရှေ့နေ ပြောကြားမှုကို ရုရှားသတင်းဌာန RBC က ဖော်ပြခဲ့ရာမှာတော့ ဖခင်ဖြစ်သူ မစ်ခ်ခေးက ညီအစ်မသုံးဦးအနက် တစ်ဦးဦးကို အဓမ္မပြုကျင့်ခဲ့ပုံမရကြောင်း၊ သို့သော် လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

play
ဖခင်ကိုသတ်ခဲ့ကြောင်း ဝန်ခံခဲ့သည့် ညီအစ်မသုံးဦး (Photo: EAST2WEST NEWS)


မစ်ခ်ခေးက သမီးသုံးဦးကို နေအိမ်မှာစောင့်ကြည့်ရန် ကင်မရာများ တပ်ဆင်အသုံးပြုကြောင်းနဲ့ ၎င်းရဲ့ရှေ့မှာ ကိုယ်လုံးတီး လမ်းလျှောက်ရန် အတင်းအကျပ် စေခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

"ဘာတွေဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ကျွန်မကတော့ အားလုံးကို ရင်ဆိုင်ဖို့အသင့်ပဲ၊ ကျွန်မ ဝမ်းမနည်းပါဘူး၊ သူ ကျွန်မတို့ကို ပြုမူနေတာတွေကို ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး၊ သူနဲ့နေရမယ့်အစား ထောင်ထဲမှာနေတာက ပိုကောင်းပါတယ်" လို့ အန်ဂျလီနာက ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD