ငလျင်လှုပ်ပြီးနောက် ပင်လယ်ပြင်နဲ့ဝေးရာမှာ နေထိုင်ကြရန် အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်း မြောက်ဘက်ကမ်းလွန်မှာ ရစ်(ခ်)တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၉၈ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောပါတယ်။

Photo: AFP

ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီရေလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ရုပ်သိမ်းခဲ့ပါတယ်။ ငလျင်ကြောင့် အဆောက်အအုံ ထောင်နဲ့ချီ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ငလျင်လှုပ်ခတ်ပြီးနောက် အစောပိုင်းမှာ ဆူနာမီရေလှိုင်းအန္တရာယ် သတိပေးချက်ထုတ်ပြန်ခဲ့ရာ ဒေသခံများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုကို အဓိက ခံစားခဲ့ရတဲ့ လွမ်ဘော့ဒေသရဲ့ ၈၀ ရာခိုင်နှုန်းမှာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။



Photo: AFP

ငလျင်ဟာ ယနေ့ (သြဂုတ် ၅ ရက်) ဒေသစံတော်ချိန် ညပိုင်းက မြေအောက်အနက် ၆.၂ မိုင်မှာ လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှား မိုးလေဝသဌာနက ပြောပါတယ်။ ငလျင်လှုပ်ပြီးနောက် ပင်လယ်ပြင်နဲ့ဝေးရာမှာ နေထိုင်ကြရန် အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။လွမ်ဘော့ (Lombok) ကျွန်းရဲ့ အဓိကမြို့ Mataram မြို့မှာ ပြင်းထန်တဲ့ လှုပ်ခတ်မှုခံစားခဲ့ရပြီး မြို့ခံများ ကြောက်လန့်တကြား အော်ဟစ်ဟာ အဆောက်အအုံများ အပြင်ဘက်သို့ ပြေးထွက်ခဲ့ကြပါတယ်။ လွမ်ဘော့ကျွန်းနဲ့ ဘာလီကျွန်းရှိ ဆေးရုံမှ လူနာများကို အပြင်ဘက်သို့ ရွှေ့ပြောင်းခဲ့ထားခဲ့ကြောင်း သိရပါတယ်။

လွမ်ဘော့ကျွန်းမှာတွေ့ရသည့် ကမ္ဘာလှည့်ခရီးသည်အချို့ (Photo: Reuters)

"လူတွေအကုန်လုံး သူတို့အိမ်တွေကနေ ချက်ချင်းပြေးထွက်လာခဲ့ကြတယ်၊ လူတိုင်း ကြောက်လန့်နေခဲ့ကြတယ်" လို့ Mataram မြို့ခံတစ်ဦးဖြစ်သူ အိုင်မန်က AFP သတင်းဌာနကို ပြောပါတယ်။ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း လွမ်ဘော့ကျွန်းမှာ လူဦးရေ ၁၀,၀၀၀ ဝန်းကျင် ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။ လွမ်ဘော့ကျွန်းအနီး ဂီလီကျွန်း (Gili) နဲ့ အခြားနေရာတွေမှ ကမ္ဘာလှည့်ခရီးသည် ၂,၀၀၀ ကျော်ကိုလည်း ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လွမ်ဘော့ကျွန်းမှာ ငလျင်လှုပ်မှုကို ဘာလီကျွန်းမှာလည်း စက္ကန့်အနည်းငယ်မျှ ခံစားသိရှိခဲ့ရပြီး လူအများအပြား အဆောက်အအုံများ အပြင်ဘက်ကို ပြေးထွက်ခဲ့ကြပါတယ်။

Photo: AFP/Rita Siswati

လွမ်ဘော့ကျွန်းဟာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု များပြားတဲ့နေရာတစ်ခုဖြစ်ပြီး ဘာလီကျွန်းအရှေ့ဘက် ၆၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ ငလျင်ကြောင့် ဘာလီကျွန်းမှာလည်း အဆောက်အအုံ ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေက အင်အား ရစ်(ခ်)တာစကေး ၅.၆ ဝန်းကျင်ရှိ နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ငလျင်စောင့်ကြည့်ရေးဝက်ဘ်ဆိုက် US Geological Survey က ရစ်(ခ်)တာစကေး ၄.၄ မှ ၆.၉ အဆင့်ရှိ နောက်ဆက်တွဲငလျင်များ နှစ်ဒါဇင်နီးပါး လှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Photo: JOHANNES P. CHRISTO

ယနေ့ညပိုင်းမှာ ငလျင်လှုပ်ခတ်ခဲ့တဲ့ လွမ်ဘော့ကျွန်းမှာပင် ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် မနက်အစောပိုင်းကလည်း ရစ်(ခ်)တာစကေး ၆.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

Photo: AFP/Rita Siswati

၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က