AD
AD
AD

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့ဧရိယာအတွင်းရှိ ကျောက်ဂူအတွင်း ပိတ်မိခဲ့ကြတဲ့ တောဝက်ဘောလုံးအသင်းမှ နိုင်ငံမဲ့ ဖြစ်နေခဲ့သူ ကစားသမားသုံးဦးနဲ့ ၎င်းတို့ရဲ့ နည်းပြတို့ကို ထိုင်းအာဏာပိုင်တွေက နိုင်ငံသားအဖြစ် သြဂုတ် ၈ ရက်မှာ တရားဝင် အသိအမှတ်ပြုလိုက်ကြောင်း သိရပါတယ်။

play
မြန်မာပြည်ဖွား နည်းပြအိုက်ပေါင်ကို ထိုင်းနိုင်ငံသားကတ် ပေးအပ်စဉ် (Photo: EPA)


ထိုင်းအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်သူ လေးဦးအနက် ဘောလုံးကစားသမား အဒူလ် (Adul Samon) နဲ့ နည်းပြဖြစ်သူ အိုက်ပေါင် (Ekapol Chanthawon) တို့ဟာ မြန်မာနိုင်ငံဖွားတွေ ဖြစ်ကြပါတယ်။ အဒူလ်က 'ဝ'ဒေသမှဖြစ်ပြီး ဘောလုံးနည်ပြရဲ့ အဘွားဖြစ်သူဟာ မြန်မာနိုင်ငံဘက်မှာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

အဒူလ်ဟာ ဂူထဲမှာပိတ်မိခဲ့တဲ့ လူငယ်အုပ်စုမှာ အင်္ဂလိပ်စကား ပြောဆိုနိုင်သူဖြစ်ပြီး ၎င်းတို့ကို ဗြိတိန်ရေငုပ်သမားနှစ်ဦးက စတင်တွေ့ရှိခဲ့စဉ် အဒူလ်က ရေငုပ်သမားတွေကို အင်္ဂလိပ်ဘာသာဖြင့် အပြန်အလှန် ပြောဆိုခဲ့ပါတယ်။

play
Mongkol Boonpiam ကို ထိုင်းနိုင်ငံသား ကတ်ပြား ပေးအပ်စဉ် (Photo: AP)


အသက် ၂၅ နှစ်အရွယ် နည်းပြဖြစ်သူကတော့ တာချီလိတ်မြို့မှာ မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံကို ရွှေ့ပြောင်းကာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ မိဘတွေက ငယ်စဉ်ကတည်းက ဆုံးပါးခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ အဘွားဖြစ်သူက ၎င်းရဲ့ တစ်ဦးတည်းသော ဆွေမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်တဲ့ အခြား ဘောလုံးအသင်းဝင်နှစ်ဦးကတော့ Mongkol Boonpiam နဲ့ Pornchai Khamluang တို့ ဖြစ်ကြပါတယ်။

play
တောဝက်ဘောလုံးအသင်းဝင် ၁၂ ဦးနှင့် နည်းပြတို့ကို တွေ့ရစဉ် (Photo: AFP/Lillian SUWANRUMPHA)


ထိုင်းနိုင်ငံသားဖြစ်လာခဲ့သူ လေးဦးဟာ ယခင်က နိုင်ငံသားမဟုတ်တာကြောင့် ၎င်းတို့နေထိုင်ရာ ချင်းရိုင်းခရိုင်ကနေ အပြင်ဘက်ကို ခရီးသွားခွင့်မရှိခြင်း အပါအဝင် အခြေခံ အစိုးရအထောက်အပံ့နဲ့ အခွင့်အရေးများ မရရှိခဲ့ကြပါဘူး။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံဘက်မှ အပါအဝင် နိုင်ငံမဲ့ လူဦးရေ ၄၈၀,၀၀၀ နေထိုင်လျက်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းရဲ့ စာရင်းတွေကဆိုပါတယ်။ အဆိုပါ နိုင်ငံမဲ့သူတွေဟာ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ တရုတ်နယ်စပ် ဒေသတွေမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။

play
ကယ်ဆယ်ရေးမှာ ပါဝင်ကူညီရင်း သေဆုံးခဲ့သည့် ရေငုပ်သမားပုံတူပန်းချီနှင့် တောဝက်ဘောလုံးအသင်း (Photo AFP)

 
ထိုင်းအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ လေးဦးအနက် အဒူလ်၊ အခြားကစားသမားတစ်ဦးနဲ့ ဘောလုံးနည်းပြတို့ဟာ ဂူထဲမှာပိတ်မိခဲ့ကြသူတွေ ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ ဂူထဲမှာ ပိတ်မိခဲ့တဲ့အုပ်စုမှာ မပါဝင်ခဲ့ပါဘူး။

"ဒီနေ့မှာ သားတို့အားလုံး ထိုင်းနိုင်ငံသား ဖြစ်ခဲ့ပါပြီ" လို့ မယ်ဆိုင်အုပ်ချုပ်ရေးမှူး Somsak Khanakham က ဒေသခံ အစိုးရုံးတစ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားအတွင်း ပြောခဲ့ပါတယ်။ ထိုအခမ်းအနားမှာ ၎င်းတို့ကို ထိုင်းနိုင်ငံသားကတ်ပြားများ ပေးအပ်ခဲ့ကြောင်းလည်း သိရပါတယ်။

play
ဂူထဲမှာပိတ်မိခဲ့ကြသည့် တောဝက်ဘောလုံးအသင်း (Photo: Thai Navy Seal)


အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးနည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာအတွင်းရှိ Tham Luang ဂူထဲကိုဝင်ရောက်သွားခဲ့ကြပြီး ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

၎င်းတို့ဟာ ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ကြပြီး ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။

play
တောဝက်ဘောလုံးအသင်းမှ လူငယ်တစ်ဦးကို ဂူထဲမှကယ်ထုတ်လာစဉ် (Photo: Nick Edwards)


၎င်းတို့အုပ်စုမှ ပထဆုံး ၄ ဦးကို ဇူလိုင် ၈ ရက်၊ ဒုတိယ ၄ ဦးကို ဇူလိုင် ၉ ရက်နဲ့ နောက်ဆုံးကျန်ရှိတဲ့ ၅ ဦးကို ဇူလိုင် ၁၀ ရက်တို့မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်

Tham Luang ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို​ ရှာဖွေကယ်ဆယ်မှုအား မြန်မာနိုင်ငံ အပါအဝင် ၁၁ နိုင်ငံထက်မနည်းက ပူးပေါင်းကူညီခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့မှုကို ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။

Postby

   

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD