လေကြောင်းလိုင်းဝန်ထမ်း စက်ပြင်ဆရာက ခိုးယူသွားခဲ့ပါတယ်။

လေကြောင်းလိုင်းဝန်ထမ်း စက်ပြင်ဆရာတစ်ဦးက အမေရိကန်နိုင်ငံ ဆီယက်တဲလ်လေဆိပ်ကနေ ခရီးသည်တင်လေယာဉ် အလွတ်တစ်စီးကို ခိုးယူသွားခဲ့ပြီးနောက် အနီးအနားရှိ လူနေထိုင်မှုနည်းတဲ့ ကျွန်းတစ်ခုပေါ်ကို ပျက်ကျခဲ့ကြောင်း သိရပါတယ်။

ခိုးယူခံရသည့်လေယာဉ် ပျံသန်းနေမှုကို တွေ့ရစဉ် (Photo: Reuters)



ဒေသစံတော်ချိန် သြဂုတ် ၁၀ ရက် နှောင်းပိုင်းက Seattle–Tacoma အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရပ်နားထားတဲ ခရီးသည်တင်လေယာဉ်ကို လေယာဉ်စက်ပြင်ဆရာက ခွင့်ပြုချက်မရှိဘဲ ခိုးယူမောင်းနှင်ကာ ပျံတက်သွားခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် လေဆိပ်ကို ပိတ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

လေယာဉ်ခိုးယူမှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်လေတပ်မှ F15 တိုက်လေယာဉ်နှစ်စီးက အဆိုပါ လေယာဉ်နောက်ကို လိုက်သွားခဲ့ပါတယ်။ ထို့နောက် ခိုးယူခံရတဲ့ ခရီးသည်တင်လေယာဉ်ဟာ ကျွန်းတစ်ခုပေါ်ကို ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျပြီး မီးလောင်နေမှု (Photo: CNN)



လေယာဉ်ပျက်ကျမှုအတွင်း ခိုးယူမောင်းနှင်သွားခဲ့တဲ့ စက်ပြင်ဆရာ သေဆုံးခဲ့ပုံရကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ကြောင်း Pierce County ရဲဌာနက ပြောခဲ့ပါတယ်။

လေယာဉ်ကို ခိုးယူသွားခဲ့သူ အသက် ၂၉ နှစ်အရွယ် ရစ်ချတ်ရပ်ဆဲလ်အမည်ရှိ စက်ပြင်ဆရာဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပြီး ၎င်းတစ်ဦးတည်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။

လေယာဉ်ခိုးယူပျံသန်းသွားခဲ့သည့် ရစ်ချတ်ရပ်ဆဲလ် (Photo: AFP)



"ဒါက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု မဟုတ်ပါဘူး၊ အတည်ပြုထားတဲ့ သတင်းအချက်အလက်အရ ဒါက တစ်ဦးတည်း သေကြောင်းကြံစည်မှုဖြစ်ပါတယ်၊ သူ ဘယ်သူလဲဆိုတာလည်း သိထားပါတယ်၊ ဒီလုပ်ရပ်မှာ အခြားသူတွေ ပါဝင်ပတ်သက်ခဲ့တာ မရှိပါဘူး" လို့ ရဲတပ်ဖွဲ့ဌာနက ပြောခဲ့ပါတယ်။

Horizon လေကြောင်းလိုင်းမှ လေယာဉ်အချို့ (Photo: Getty Images)



ဆီယက်တဲလ်လေဆိပ်မှာ ခိုးယူခံရပြီးနောက် ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ အင်ဂျင်နှစ်လုံးတပ် Bombardier Q400 အမျိုးအစားဖြစ်ပြီး Alaska လေကြောင်းလိုင်းရဲ့ မိတ်ဖက်ဖြစ်တဲ့ Horizon လေကြောင်းလိုင်းမှ ဖြစ်ပါတယ်။

စက်ပြင်ဆရာက အဆိုပါ လေယာဉ်ကို Seattle-Tacoma အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်မှာ ခိုးယူပျံသန်းသွားခဲ့ပြီးနောက် တစ်နာရီဝန်းကျင်အကြာမှာ လေဆိပ်နဲ့ မိုင် ၃၀ ခန့်အကွာ Ketron ကျွန်းတောင်ပိုင်းသို့ ပျက်ကျခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က