လာမယ့်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက် ၆၇ ဦးအထိ မြင့်တက်လာကြောင်းနဲ့ ယနေ့ (သြဂုတ် ၁၅ ရက်) တစ်ရက်တည်းမှာပင် လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Photo: AFP





ရေကြီးမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံများ သောင်တင်နေကြပြီး ပြည်နယ်ရဲ့ အဓိက လေဆိပ်တစ်ခုကို ပိတ်ပင်ထားရပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ကီရာလာပြည်နယ်အတွင်းရှိ ရေပြည့်လျှံကာ ကျိုးပေါက်နိုင်တဲ့ အန္တရာယ်ရှိ ဆည် ၃၅ ခုကနေ ရေများထုတ်လွှတ်ခဲ့ရာမှ အဓိက မြစ်အတွင်းစီးဝင်ကာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo: Times of India



ရာနဲ့ချီတဲ့ ကျေးရွာများ ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီရန် စစ်တပ်ကို အကူအညီ တောင်းခံခဲ့ရပါတယ်။ ရေကြီးမှုတွေကြောင့် ကီရာလာပြည်နယ်အတွင်း မိုင်ပေါင်း ၆,၂၀၀ ရှိ လမ်းများနဲ့ ရာနဲ့ချီတဲ့ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

Photo: ABP News



မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် ကီရာလာပြည်နယ်ရဲ့ အဓိကလေဆိပ်တစ်ခုဖြစ်တဲ့ ကိုချီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို လာမယ့် စနေနေ့ ( သြဂုတ် ၁၈ ရက်) အထိ ပိတ်ထားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Pinarayi Vijayan ရဲ့ ရုုံးခန်းက Twitter မှာ ကြေညာခဲ့ပါတယ်။

ကီရာလာပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။

Photo: Reuters



လူဦးရေ ၃၃ သန်း နေထိုင်လျက်ရှိတဲ့ ကီရာလာပြည်နယ်မှာ လာမယ့်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက်ကိုလည်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဆိုပါပြည်နယ်မှာ ယခုနှစ် မုတ်သုန်မိုးများ သည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေကြောင့် မေလမှစပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့ကာ လူဦးရေ ၅၀,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပါတယ်။

 

Photo: India Today



ကီရာလာပြည်နယ်မှာ ယခုနှစ်ကဲ့သို့ ဆိုးရွားတဲ့ရေကြီးမှုမျိုးကို ၁၉၂၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။ ပင်လယ်ကမ်းရိုးတန်းနဲ့ ရှေးဟောင်းနေရာတွေကြောင့် ကီရာလာပြည်နယ်ကို ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်မှုများပြားကြောင်း သိရပါတယ်။ ပြည်နယ်အစိုးရရဲ့ စာရင်းတွေအရ ယမန်နှစ်အတွင်း ကီရာလာကို နိုင်ငံခြားခရီးသည် တစ်သန်းကျော် လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က