ကီရာလာပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးမှုဟာ ရာစုနှစ်အတွင်း အဆိုးရွားဆုံးလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ကီရာလာပြည်နယ်အတွင်း ရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက် ၁၀၆ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (သြဂုတ် ၁၆ ရက်) ပြောပါတယ်။ ရေကြီးမှုတွေကြောင့် လူဦးရေ ၂၀၀,၀၀၀ ကျော်ဟာလည်း နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

Photo: KAVIYOOR SANTOOSH





"တရားဝင်စာရင်းတွေအရ သေဆုံးသူ ၁၆၄ ဦးအထိ မြင့်တက်လာပါတယ်၊ ပြည်နယ်တစ်ဝှမ်း ရေဘေးကယ်ဆယ်ရေးစခန်း ၁,၅၆၈ ခု ဖွင့်လှစ်ထားပြီး လာရောက်ခိုလှုံနေရသူ ဒီနေ့ညပိုင်းမှာ ၂၂၃,၀၀၀ ဦး ရှိလာပါတယ်" လို့ ကီရာလာပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးက AFP ကို ပြောပါတယ်။

Photo: REUTERS/Sivaram V



အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးမှုဟာ ရာစုနှစ်အတွင်း အဆိုးရွားဆုံးလည်း ဖြစ်ပါတယ်။ ရေကြီးမှုတွေကြောင့် သောင်တင်နေသူ ထောင်ပေါင်းများစွာ ရှိနေသေးတယ်လို့ သိရပါတယ်။

နေအိမ်ခေါင်မိုးတွေပေါ်မှာ သောင်တင်နေကြတဲ့ မိသားစုတွေကို ရဟတ်ယာဉ်များဖြင့် သွားရောက် ကယ်တင်ခဲ့ကြရပါတယ်။ ရေကြီးမှုအတွင်း ကယ်ဆယ်ရေးဆောင်ရွက်ရာမှာ ပါဝင်ကူညီပေးရန် ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်မှ နောက်ထပ် တပ်ဖွဲ့ဝင် ၅၄၀ ခန့်ကို ကီရာလာပြည်နယ်သို့ ယနေ့ စေလွှတ်ခဲ့ပါတယ်။

Photo: REUTERS/Sivaram V



လွန်ခဲ့တဲ့ တစ်ပတ်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ကီရာလာပြည်နယ်အတွင်းရှိ ရေပြည့်လျှံကာ ကျိုးပေါက်နိုင်တဲ့ အန္တရာယ်ရှိ ဆည် ၃၅ ခုကနေ ရေများထုတ်လွှတ်ခဲ့ရာမှ အဓိက မြစ်အတွင်းစီးဝင်ကာ ရေကြီးမှုတွေ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

မိုးလေဝသဌာနက အဆိုပါ ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်းလည်း အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အနည်းဆုံး လူ ၆,၅၀၀ ဟာ ၎င်းတို့နေအိမ်တွေထဲမှာ ပိတ်မိနေကြကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

Photo: REUTERS/Sivaram V



ရေကြီးမှုတွေကြောင့် ကီရာလာပြည်နယ် ခရိုင် ၁၄ ခုရှိ ကျောင်းများအားလုံး ပိတ်ပင်ထားရပြီး ခရိုင်အချို့မှာတော့ ရေဘေးအန္တရာယ်စိုးရိမ်ရမှုကြောင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုကို ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် ကီရာလာပြည်နယ်ရဲ့ အဓိကလေဆိပ်တစ်ခုဖြစ်တဲ့ ကိုချီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လာမယ့် စနေနေ့ ( သြဂုတ် ၁၈ ရက်) အထိ ပိတ်ထားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Pinarayi Vijayan ရဲ့ ရုုံးခန်းက Twitter မှာ ကြေညာထားပါတယ်။

Photo: Twitter



လူဦးရေ ၃၃ သန်း နေထိုင်လျက်ရှိတဲ့ ကီရာလာပြည်နယ်မှာ ယခုနှစ် မုန်သုန်မိုးများ သည်းထန်စွာရွာသွန်းမှုကြောင့် မေလကတည်းက လူအသေအပျောက်ရှိတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ ကီရာလာပြည်နယ်မှာ ယခုနှစ်ကဲ့သို့ ဆိုးရွားတဲ့ရေကြီးမှုမျိုးကို ၁၉၂၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

ပင်လယ်ကမ်းရိုးတန်းနဲ့ ရှေးဟောင်းနေရာတွေကြောင့် ကီရာလာပြည်နယ်ကို ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်မှုများပြားကြောင်း သိရပါတယ်။ ပြည်နယ်အစိုးရရဲ့ စာရင်းတွေအရ ယမန်နှစ်အတွင်း ကီရာလာကို နိုင်ငံခြားခရီးသည် တစ်သန်းကျော် လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က