ဆူနာမီရေလှိုင်း အန္တရာယ်မရှိကြောင်း သက်ဆိုင်ရာဌာနက ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားကျွန်းဆွယ်မှာ ရစ်(ခ်)တာစကေး ၆.၅ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့ (သြဂုတ် ၁၇ ရက်) လှုပ်ခတ်ခဲ့ကြောင်း U.S. Geological Survey (USGS) ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ ငလျင်ဟာ Raba မြို့ အရှေ့မြောက်ဘက် ၉၅ မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း USGS က ပြောပါတယ်။

သြဂုတ် ၅ ရက်နေ့က လွမ်ဘော့ကျွန်း ငလျင်ကြောင့် နေအိမ်ပျက်စီးမှု (Photo: Reuters)

ငလျင်လှုပ်ပြီးနောက် ဆူနာမီရေလှိုင်း အန္တရာယ်မရှိကြောင်း အင်ဒိုနီးရှား Meteorology, Climatology and Geophysics Agency (BMKG) က Twitter မှာ ရေးသားထားပါတယ်။ ငလျင်လှုပ်မှုသတင်းကို အင်ဒိုနီးရှား အင်တာနက်သုံးစွဲသူတွေက ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ကြပြီး အချို့က ဘာလီကျွန်းမှာလည်း ငလျင်လှုပ်မှုကို ခံစားသိရှိခဲ့ရတယ်လို့ ပြောထားပါတယ်။ ယခုငလျင် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ နေရာဟာ မကြာသေးမီက ငလျင်လှုပ်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့တဲ့ လွမ်ဘော့ကျွန်းမှ မိုင် ၃၁၀ ကျော်အကွာမှာ ဖြစ်တယ်လို့ သိရပါတယ်။ လွမ်ဘော့ကျွန်းမှာ အင်အားပြင်းထန်တဲ့ငလျင် နှစ်ကြိမ်နဲ့ နောက်ဆက်တွဲငလျင် အများအပြား လှုပ်ခတ်ခဲ့ပြီးနောက် လူသေဆုံးမှုနဲ့ အဆောက်အအုံပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။



Raba မြို့မှာ လှုပ်ခတ်ခဲ့သည့် ငလျင်ဗဟိုချက်ပြ မြေပုံ (Map: USGS)

လွမ်ဘော့ကျွန်းမှာ ဇူလိုင် ၂၉ ရက် မနက်အစောပိုင်းက ရစ်(ခ်)တာစကေး ၆.၄ အဆင့်ရှိ ငလျင်လှုပ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး သြဂုတ် ၅ ရက်မှာ ရစ်(ခ်)တာစကေး ၆.၉ ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီး ထပ်မံလှုပ်ခတ်မှုကြောင့် လူ ၄၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲငလျင်များ ဆက်လက် လှုပ်ခတ်နေတဲ့ လွမ်ဘော့ကျွန်းမှာ သြဂုတ် ၉ ရက်နေ့ကလည်း ရစ်(ခ်)တာစကေး ၆.၂ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ရာ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး ဒေသခံများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြပါတယ်။

လွမ်ဘော့ကျွန်း ငလျင်အပျက်အစီး မြင်ကွင်းတစ်ခု (Photo: Reuters)

ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။

အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က