ရွှံ့မြေပေါ်မှာ တည်ရှိနေပြီး ဂျာဗားပင်လယ်ရေလှိုင်းတွေ ရိုက်ခတ်နေတဲ့မြို့ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်တွေထဲမှာပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော် ဂျကာတာမြို့ဟာ လူဦးရေ ၁၀ သန်း နေထိုင်ကြတဲ့ အရှေ့တောင်အာရှ မြို့ကြီးတစ်မြို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမြို့ဟာ မြေအောက်ကို အလျင်မြန်ဆုံးနှုန်းနဲ့ နစ်မြုပ်နေတဲ့ ကမ္ဘာ့မြို့ကြီးတစ်မြို့လည်း ဖြစ်လို့နေပါတယ်။

Photo: AFP



ဒါကို ဟန့်တားဆောင်ရွက်မှုတွေ မရှိပါက လာမယ့် ၂၀၅၀ ခုနှစ်အရောက်မှာ ဂျကာတာတစ်မြို့လုံး နစ်မြုပ်သွားနိုင်တယ်လို့ သုတေသီတွေက ပြောကြပါတယ်။ ဂျကာတာမြို့ဟာ ရွှံ့မြေပေါ်မှာ တည်ရှိနေပြီး ဂျာဗားပင်လယ်ရေလှိုင်းတွေ ရိုက်ခတ်နေတဲ့မြို့လည်း ဖြစ်ပါတယ်။

ဒါကြောင့် ဂျကာတာမြို့မှာ မကြာခဏ ရေကြီးမှုတွေ ဖြစ်ပေါ်တတ်တာကို အံ့အားသင့်စရာမရှိဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဂျကာတာမှ ရေကြီးမှုတွေဟာလည်း ပိုမိုဆိုးရွားလာနေပါတယ်။ ရေကြီးမှုတွေ ဖြစ်ပွားလေ့ရှိရုံမဟုတ်ဘဲ ဂျကာတာတစ်မြို့လုံးဟာ မြေအောက်ကို နစ်မြုပ်ပျောက်ကွယ်သွားမယ့် အခြေအနေ ဖြစ်နေပါတယ်။

Photo: BBC



"ဂျကာတာမြို့ နစ်မြုပ်သွားနိုင်ခြေက ရယ်စရာကိစ္စတစ်ခု မဟုတ်ပါဘူး၊ တစ်ကယ်လို့ ကျွန်တော်တို့ တိုင်းတာတွက်ချက်မှုတွေအရဆိုရင် မြောက်ပိုင်းဂျကာတာရဲ့ ၉၅ ရာခိုင်နှုန်က ၂၀၅၀ အရောက်မှာ နစ်မြုပ်သွားမှာပါ" လို့ ဟီရီ အန်းဒရီးယက်စ်က ပြောပါတယ်။

၎င်းက ဂျကာတာရဲ့ မြေပြင်အခြေအနေကို လွန်ခဲ့တဲ့ နှစ် ၂၀ ကြာ Bandung Institute of Technology မှာ သုတေသနပြု လေ့လာနေခဲ့သူလည်း ဖြစ်ပါတယ်။

အသိသာဆုံး နစ်မြုပ်သွားတဲ့ ဂျကာတာမြောက်ပိုင်း

ဂျကာတာမြို့ နစ်မြုပ်သွားနေမှုကို ဂျကာတာမြောက်ပိုင်းမှာ သိသာထင်ရှားစွာ ကြုံတွေ့နေရပါတယ်။ လက်ရှိမှာ ဂျကာတာမြောက်ပိုင်းဟာ ၁၀ နှစ်အတွင်း မြေအောက်ကို ၈.၂ ပေ နစ်မြုပ်သွားခဲ့ပြီး ဆက်လက်ပြီးတော့လည်း နေရာဒေသအချို့မှာ တစ်နှစ်လျှင် ၉.၈ လက်မခန့် နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

ဂျကာတာတစ်မြို့လုံးဟာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ဝ.၃၉ လက်မမှ ၅.၉ လက်မအထိနှုန်းဖြင့် နစ်မြုပ်နေပြီး မြို့ဧရိယာထက်ဝက်နီးပါးဟာ ပင်လယ်ရေမျက်နှာပြင်အောက်မှာ တည်ရှိနေကြောင်း သိရပါတယ်။

Photo: BBC



ဂျကာတာမြောက်ပိုင်းရှိ Muara Baru ခရိုင်မှာ မြေအောက်ကို အလျင်အမြန်နဲ့ သိသာစွာနစ်မြုပ်သွားတဲ့ ရုံးအဆောက်အအုံကို စွန့်ပစ်ခဲ့ကြရပါတယ်။ နစ်မြုပ်သွားတဲ့ အဆိုပါ အဆောက်အအုံ မြေညီထပ်မှာ ရေများဝင်ရောက်နေပြီး ပတ်ဝန်းကျင်မြေပြင်ဟာလည်း ပိုမိုမြင့်နေတာကြောင့် မြေညီထပ်မှရေများ စီးဆင်းသွားစရာ နေရာမရှိဘူးလို့ ဆိုပါတယ်။

မြေအောက်ကိုနစ်မြုပ်မှု သိသာထင်ရှားစွာ ဖြစ်ပေါ်နေတဲ့ ဂျကာတာမြောက်ပိုင်းဟာ သမိုင်းဝင် ဆိပ်ကမ်းမြို့ နေရာဖြစ်ပြီး ယနေ့အချိန်ထိပင် အင်ဒိုနီးရှားရဲ့ ဝင်ထွက်သွားလာမှုအများဆုံး ပင်လယ်ဆိပ်ကမ်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

Photo: BBC



ဂျကာတာမြောက်ပိုင်းမှာ လူဦးရေ ၁.၈ သန်းရှိပြီး ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်သူများ၊ ဆင်းရဲတဲ့ ကမ်းရိုးတန်းဒေသခံများနဲ့ ချမ်းသာကြွယ်ဝတဲ့ တရုတ်-အင်ဒိုနီးရှား လူမျိုးများ ရောနှောနေထိုင်ကြပါတယ်။ ပင်လယ်ရေလှိုင်းက နှစ်စဉ် နှစ်လက်မနီးပါး ပိုမြင့်လာတယ်လို့ မဟာဒီအမည်ရှိ ငါးဖမ်းသမားတစ်ဦးက ဆိုပါတယ်။

ဂျကာတာရဲ့ အခြားနေရာဒေသတွေလည်း နစ်မြုပ်နေ

ဂျကာတာမြောက်ပိုင်းအပြင် ကျန်ရှိတဲ့ ဂျကာတာတစ်မြို့လုံးဟာလည်း လျင်မြန်တဲ့နှုန်းဖြင့် မဟုတ်ပေမဲ့ နစ်မြုပ်နေတယ်လို့ သိရပါတယ်။ ဂျကာတာအနောက်ပိုင်းမှာ ခြောက်လက်မနီးပါး၊ ဂျကာတာအရှေ့ပိုင်းမှာ နှစ်စဉ် လေးလက်မနီးပါး၊ ဂျကာတာအလယ်ပိုင်းမှာ တစ်လက်မနီးပါးနဲ့ ဂျကာတာတောင်ပိုင်းမှာ ဝ.၄ လက်မခန့် နှစ်စဉ် နစ်မြုပ်နေပါတယ်။

မြေအောက်ရေ ထုတ်ယူသုံးစွဲမှုနဲ့ ဆက်စပ်

ဂျကာတာမြို့ အလျင်အမြန် နစ်မြုပ်နေမှုဟာ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုနဲ့လည်း ဆက်စပ်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဂျကာတာမှာ ပိုက်လိုင်းစနစ်ဖြင့် ရေပေးဝေမှုကို အပြည့်အဝ မှီခိုအားထားနိုင်မှုမရှိခြင်း သို့မဟုတ် နေရာဒေသ အများစုသို့ ပိုက်လိုင်းဖြင့်ရေပေးဝေမှု မရောက်ရှိနိုင်ခြင်းတို့ကြောင့် မြို့ခံတွေက အဝီစိတွင်းများတူးကာ မြေအောက်ကို ထုတ်ယူသုံးစွဲကြပါတယ်။

Photo: BBC



ထိုသို့ မြေအောက်ရေကို စုပ်ယူမှုကြောင့် အပေါ်ဘက်ရှိ မြေပြင်ကျွံကျမှုပြီး မြေပေါ်ရှိ အဆောက်အအုံများ နစ်မြုပ်မှုကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဂျကာတာမြို့မှာ ပိုက်လိုင်းစနစ်ဖြင့် ရေပေးဝေမှုက မြို့ရဲ့ရေလိုအပ်ချက်ကို ၄၀ ရာခိုင်နှုန်းကိုသာ ပြည့်မီနိုင်ကြောင်းလည်း သိရပါတယ်။

ဂျကာတာနစ်မြုပ်မှုကို ဟန့်တားကာကွယ်ရေး အစီအစဉ်များ

အင်ဒိုနီးရှားအာဏာပိုင်တွေက ဂျကာတာမြို့ နစ်မြုပ်မှုကို ဟန့်တားနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ကုန်ကျမယ့် ဂျကာတာပင်လယ်အော်တစ်လျှောက် အကာအရံတံတိုင်းတွေနဲ့ ကျွန်းတု ၁၇ ခုကို တည်ဆောက်တဲ့ စီမံကိန်းကိုလည်း လုပ်ဆောင်ထားပါတယ်။

Photo: BBC



အဆိုပါ စီမံကိန်းကို တောင်ကိုရီးယားနဲ့ နယ်သာလန်တို့ရဲ့ အကူအညီဖြင့် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် ထိုသို့ဆောင်ရွက်မှုဟာလည်း ဂျကာတာမြို့ကို နောက်ထပ် နှစ် ၂၀ မှ ၃၀ အထိသာ နစ်မြုပ်မှုကနေ ဟန့်တားနိုင်ဖွယ်ရှိတယ်လို့ ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ နယ်သာလန် NGO အုပ်စုသုံးခုရဲ့ အစီရင်ခံစာက ပြောထားပါတယ်။

ဂျကာတာနစ်မြုပ်မှုကို ရှောင်လွဲနိုင်ရန်အတွက် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုတွေကို ၂၀၅၀ ခုနှစ် နောက်ဆုံးထားပြီး ရပ်တန့်ရမှာဖြစ်ကာ မိုးရေ၊ မြစ်ရေ၊ ပိုက်လိုင်းစနစ် ရေပေးဝေမှုတို့ကိုသာ အဓိကထား အသုံးပြုသွားရမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးခဲ့ပါတယ်။

ဂျကာတာမြို့ခံတစ်ဦးရဲ့ ဖွင့်ဟမှု

ဖော်ကျူနာ ဆိုဖီယာလို့ခေါ်တဲ့ အမျိုးသမီးက ပင်လယ်ကမ်းခြေကို မျက်နှာမူတည်ဆောက်ထားတဲ့ အကောင်းစား နေအိမ်မှာ နေထိုင်သူပါ။ ဆိုဖီယာရဲ့နေအိမ်က မြေအောက်ကို အလျင်အမြန် သိသာစွာနစ်မြုပ်နေတာမျိုး မဟုတ်ပေမဲ့ ခြောက်လကြာတိုင်း နေအိမ်နံရံနဲ့ တိုင်လုံးတွေမှာ အက်ကွဲကြောင်းရာတွေ ဖြစ်ပေါ်လာတာ တွေ့ရတယ်လို့ သူမက ပြောပါတယ်။

"ကျွန်မတို့လည်း ဒါကို ပြင်ဆင်နေရတာပါပဲ၊ အိမ်ပြင်တဲ့သူတွေကတော့ ဒီလို အက်ကြောင်းရာတွေပေါ်လာတာက မြေပြင်အခြေအနေ အပြောင်းအလဲကြောင့်လို့ ပြောကြတယ်" လို့ ဆိုဖီယာကဆိုပါတယ်။

Photo: BBC



ဆိုဖီယာဟာ ပင်လယ်ကမ်းခြေကို မျက်နှာမူတည်ဆောက်ထားတဲ့ နေအိမ်မှာ လေးနှစ်ကြာနေထိုင်လာခဲ့စဉ်အတွင်း ရေကြီးမှုတွေ မကြာခဏ ကြုံရတယ်လို့လည်း ပြောပါတယ်။

"ပင်လယ်ရေတွေ စီးဝင်လာပြီး ရေကူးကန်တစ်ခုလုံးကို ဖုံးလွမ်းသွားတယ်၊ ကျွန်မတို့ရဲ့ ပရိဘောဂပစ္စည်းနဲ့ အသုံးအဆောင်တွေကို ပထမထပ်ကို ရွှေ့ကြရတာပေါ့" လို့ သူမက ပြောခဲ့ပါတယ်။ ဂျကာတာမြို့ခံတွေကတော့ နစ်မြုပ်နေတဲ့ ဒီမြို့ကြီးထဲမှာသေကြရုံသာဖြစ်တယ်လို့ သူတို့ရဲ့အနာဂတ်ကို သဘောပိုက်လက်ခံထားကြပါတယ်။

"ဒီမှာနေတာက အန္တရာယ်ရှိပါတယ်၊ ဒီမှာနေနေတဲ့ လူတွေအားလုံးက အဲဒီ အန္တရာယ်ကို လက်ခံထားကြပါတယ်" လို့ ပင်လယ်ကမ်းခြေကို မျက်နှာမူထားတဲ့အိမ်မှာ နေထိုင်သူ ဆိုဖီယာက ပြောပါတယ်။

Share

Loading Next Article...
က္က