အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့ကနေ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကို ပျံသန်းလာတဲ့ အမ်းမရိတ်စ်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းများ ပဟေဠိဆန်ဆန် နေမကောင်းဖြစ်ခဲ့ပြီးနောက် ၁၀ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါလာသူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ရန်ပြင်ဆင်စဉ် (Photo: EPA)



စက်တင်ဘာ ၅ ရက်နေ့က ဒူဘိုင်းကနေ နယူးယော့ခ်ကို ၁၄ နာရီကြာ ပျံသန်းလာခဲ့တဲ့ Airbus 380 လေယာဉ်ပေါ်မှ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေက နေမကောင်းဖြစ်ခဲ့ကြောင်း ပြောခဲ့ကြပါတယ်။

နေမကောင်းဖြစ်ရတဲ့ အကြောင်းရင်းကို ချက်ချင်း အတည်မပြုနိုင်သေးပေမဲ့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (US Centers for Disease Control and Prevention - CDC) က နေမကောင်းဖြစ်သူတွေဟာ ကိုယ်ပူပြီး ချောင်းဆိုးနေကြတယ်လို့ ပြောခဲ့ပါတယ်။

ခရီးသည်တွေကို ကျန်းမာရေးစစ်ဆေးနေစဉ် (Photo: AP)



ခရီးသည် ၅၂၁ ဦး လိုက်ပါလာတဲ့ Flight 203 လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၉ နာရီဝန်းကျင်မှာ နယူးယော့ခ်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့ပါတယ်။

လေယာဉ်ဆင်းသက်ပြီးနောက် အရေးပေါ် လူနာတင်ကားများနဲ့ အခြား ဆေးဘက်ဆိုင်ရာကားများ လေယာဉ်ပတ်လည်ကို ချက်ချင်းရောက်ရှိလာခဲ့ပြီး ခရီးသည်တွေကို ကျန်းမာရေးစစ်ဆေးပြီး လေယာဉ်မှထွက်ခွာနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

အမ်းမရိတ်စ်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် (Photo: People's Daily)



ထို့သို့ စစ်ဆေးပြီးနောက် စုစုပေါင်း ခရီးသည် ၁၉ ဦး နေမကောင်းဖြစ်ခဲ့ကြောင်း အမ်းမရိတ်စ်လေကြောင်းလိုင်းနဲ့ နယူးယော့ခ်မြို့တော်ဝန်ရုံးက အတည်ပြုခဲ့ပါတယ်။ ခရီးသည်သုံးဦးနဲ့ လေယာဉ်အမှုထမ်း ခုနစ်ဦးတို့ကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ဒူဘိုင်းအခြေစိုက် အမ်းမရိတ်စ်လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။

Photo: Twitter



"ခရီးသည်ကိုးဦးကိုတော့ လေယာဉ်အနီးမှာပဲ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတော့ ထွက်ခွာစေခဲ့ပါတယ်" လို့ လေကြောင်းလိုင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ လေယာဉ်ပေါ်မှာလိုက်ပါလာခဲ့တဲ့ အခြား ခရီးသည်တွေကိုတော့ ပုံမှန်အတိုင်း ထွက်ခွာစေခဲ့တယ်လို့ ဆိုပါတယ်။

Photo: AP



ဒူဘိုင်းကနေ ပျံသန်းလာခဲ့တဲ့ အဆိုပါ လေယာဉ်ပေါ်မှ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းများ အပါအဝင် လူ ၁၀၀ အထိက နေမကောင်းဖြစ်ကြောင်း ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ CDC ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ယခုဖြစ်ရပ်ဟာ လုံခြုံရေးနဲ့ အကြမ်းဖက်မှုကိစ္စနဲ့ ဆက်စပ်မှုမရှိကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက CBS News ကို ပြောခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က