ငလျင်ကြောင့် သေဆုံးမှုအများစုဟာ အစွန်အဖျားဒေသရှိ မြို့ငယ်လေးမှ ဖြစ်ပါတယ်။

ဂျပန်မြောက်ပိုင်းမှာ မြေပြိုမှုတွေဖြစ်ပေါ်ခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ယနေ့ (စက်တင်ဘာ ၈ ရက်) မှာ ၃၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်းနဲ့ ထောင်နဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်သူများကို လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။



Photo: AFP



ငလျင်ကြောင့် သေဆုံးမှုအများစုဟာ အစွန်အဖျားဒေသရှိ အတ်ဆူမာမြို့ငယ်လေးမှ ဖြစ်ပါတယ်။ စက်တင်ဘာ ၆ ရက် မနက်အစောပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်(ခ်)တာစကေး ၆.၆ အဆင့်ရှိ ငလျင်ကြောင့် တောင်စောင်းတစ်ခု မြေပြိုကျမှုဖြစ်ခဲ့ရာ အဆိုပါမြို့ငယ်လေးကို ဖုံးအုပ်သွားခဲ့ပြီး နေအိမ်များပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရမှု၊ လူပျောက်ဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo: AFP



ယနေ့အထိ အတ်ဆူမာမြို့ငယ်လေးမှာ လူကိုးဦး ပျောက်ဆုံးနေပြီး လူ ၄၀၀ ဝန်းကျင် အသေးစား ဒဏ်ရာများရခဲ့ကြောင်း ဟော့ကိုင်းဒိုးကျွန်းမြောက်ပိုင်းမှ ဒေသဆိုင်ရာအစိုးရက ပြောပါတယ်။

ငလျင်ဟာ စက်တင်ဘာ ၆ ရက် မနက်အစောပိုင်းအချိန်က ဟော့ကိုင်းဒိုးကျွန်းပေါ်ရှိ ဆက်ပိုရိုမြို့ အရှေ့တောင်ဘက် ၃၈ မိုင်ကျော်အကွာမှာ ဗဟိုပြုပြီးလှုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ငလျင်လှုပ်ပြီးနောက် ဟောကိုင်းဒိုးကျွန်းမှ ဒေသခံ သုံးသန်းနီးပါး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရပါတယ်။

Photo: AFP



လက်ရှိမှာ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့မှ စစ်သားများအပါအဝင် ကယ်ဆယ်ရေးသမား ၄,၀၀၀ ခန့်က အနံ့ခံခွေးများနဲ့ ရဟတ်ယာဉ် ၇၅ စီး အကူအညီဖြင့် အသက်ရှင်ကျန်နေသူတွေကို ရှာဖွေနေကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ 

ငလျင်လှုပ်ပြီးနောက် လက်ရှိအချိန်ထိ အိမ်ထောင်စု ၃၁,၀၀၀ ဟာ ရေပြတ်လပ်မှုကြုံနေရဆဲဖြစ်ပြီး လူဦးရေ ၁၆,၀၀၀ ဝန်းကျင် ယာယီခိုလှုံရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ရဆဲဖြစ်ကြောင်း သိရပါတယ်။

Photo: AFP

ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေတဲ့ ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံဟာ ငလျင်လှုပ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ အများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ 'ပစိဖိတ်မီးကွင်း' (Ring of Fire) နေရာမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း အိုဆာကာဒေသမှ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့ပြီး လူငါးဦး သေဆုံးကာ ၃၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။



ဒါ့အပြင် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်မှာ ရစ်(ခ်)တာစကေး ၉.၀ အဆင့်ရှိ ငလျင်ကြီးတစ်ခု ဂျပန်ကမ်းရိုးတန်းအနီး ပစိဖိတ်သမုဒ္ဒရာအောက်မှာ လှုပ်ခတ်ခဲ့ရာ ၁၃၃ ပေအထိမြင့်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကာ လူဦးရေ ၁၅,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က