နိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြအခမ်းအနားကို ပြုံးယမ်းမှာ အကြီးအကျယ် ပြုလုပ်သွားမှာပါ။

မြောက်ကိုရီးယားနိုင်ငံမှာ အခမ်းအနားကြီးတစ်ခုကို အကြီးအကျယ် ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၉ ရက် ( တနင်္ဂနွေနေ့) မှာ အကြီးအကျယ် ကျင်းပပြုလုပ်သွားမှာပါ။



စစ်ရေးပြအခမ်းအနားတစ်ခုမှာ တွေ့ရသည့် ကင်မ်ဂျုံအန်နှင့် စစ်ဘက်အရာရှိကြီးများ (Photo: SCMP)



ဒီအခမ်းအနားကြီးမှာ ပင်ပန်းကြီးစွာ ကြိုတင်လေ့ကျင့် ပြင်ဆင်ထားကြတဲ့ မြောက်ကိုရီးယားပြည်သူ ထောင်ပေါင်းများစွာ ပါဝင်ချီတက်ကြမှာဖြစ်ပြီး စစ်လက်နက်ပစ္စည်းတွေကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံခြားသတင်းထောက်တွေလည်း သတင်းရယူနိုင်ရန် ခွင့်ပြုပေးထားပါတယ်။ သတင်းဗီဒီယို၊ ဓာတ်ပုံရိုက်ရမယ့် နေရာကိုတော့ မြောက်ကိုရီးယား အစိုးရရဲ့ ညွန်ကြားချက်အတိုင်း လိုက်နာရမယ်လို့ ဆိုပါတယ်။

၁၀ မိနစ်အတွက် ခြောက်လကြာ လေ့ကျင့်ပြင်ဆင်ရ

မီဒီယာတွေအနေနဲ့ မှတ်တမ်းမတင်နိုင်တာကတော့ မြောက်ကိုရီးယားမှာ အခုလို အခမ်းအနားကြီးအတွက် လနဲ့ချီပြီး တစ်ခါတရံ နှစ်နဲ့ချီအောင် ပင်ပန်းကြီးစွာ လေ့ကျင့်ပြင်ဆင်ခဲ့ရမှုတွေပဲ ဖြစ်ပါတယ်။ စစ်ရေးပြချီတက်မှုဟာ ၁၀ မိနစ်မျှသာ ကြာမြင့်လေ့ရှိပေမဲ့ ဒီလိုအခမ်းအနားမှာ ပါဝင်သူတွေဟာ ခြောက်လကြာ အပြင်းအထန် လေ့ကျင့်ပြင်ဆင်ခဲ့ကြရပါတယ်။

Photo: EPA



"ဒီလို စစ်ရေးပြချီတက်ပွဲတွေက ပြုံးယမ်းရဲ့ နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ပြီး ပြည်သူထောင်ပေါင်းများစွာ မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ ခေါင်းဆောင်ကြီးကို အလွန်အမင်း ဂုဏ်တင်မြှောက်စားမှုနဲ့ ရှေးရိုးစွဲ နိုင်ငံရေး ဆောင်ပုဒ်တွေကို ဖော်ထုတ်ကြွေးကြော်ကြတာပါပဲ" လို့ မြောက်ကိုရီးယားကနေ ဘက်ပြောင်းခိုလှုံလာသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Liberty in North Korea အဖွဲ့အစည်းမှ ဆိုကီးလ်ပတ်က ပြောပါတယ်။

Photo: Reuters



"ချီတက်ပွဲအခမ်းအနားတွေမှာ ပါဝင်တက်ရောက်ကြတဲ့ မြောက်ကိုရီးယားပြည်သူတွေကို မြင်ရရုံပဲရှိတာပါ၊ သူတို့ပြောစကားတွေကို မကြားရပါဘူး၊ ကင်မ်အီလ်ဆောင်းရင်ပြင်ကို ဖြတ်သန်းချီတက်ရတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ မျက်နှာတွေက တစ်ကယ်လို့သာ သူတို့မှာ ပြောဖို့အခွင့်အရေးရမယ်ဆိုရင် သူတို့ခံစားချက်တွေ အမြင်တွေကို အမျိုးမျိုးပြောလာနိုင်ဖွယ်ရှိပါတယ်" လို့ ဆိုကီးလ်ပတ်က သုံးသပ်ပါတယ်။

မီးတုတ်ကိုင်ပြီး ချီတက်ကြရတဲ့ စစ်ရေးပြပွဲမှာ ပါဝင်ခဲ့ဖူးသူ

လွန်ခဲ့တဲ့ခြောက်နှစ်က တောင်ကိုရီးယားနိုင်ငံကို ဘက်ပြောင်းခိုလှုံခဲ့သူ အသက် ၃၆ နှစ်အရွယ် ကင်မ်ဂျီယောင်းက အခုဆိုရင် သူ့ရဲ့အတွေ့အကြုံ ခံစားချက်တွေကို လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်နေပါပြီ။

မြောက်ကိုရီးယားမှာ နေထိုင်ခဲ့စဉ်က သူမဟာ ပြုံးယမ်းမြို့ရှိ တက္ကသိုလ်တစ်ခုမှ ကျောင်းသူတစ်ဦးဖြစ်ပြီး စစ်ရေးပြချီတက်ပွဲတွေမှာ မီးတုတ်ကိုင်ဆောင်သူအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

ကင်မ်ဂျီယောင်း ပါဝင်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားဟာ ဂျပန်လက်အောက်ကနေ လွတ်မြောက်ရေးအတွက် တိုက်ခိုက်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးခေါင်းဆောင်ကြီး ကင်မ်အီလ်ဆောင်းရဲ့ ညတိုက်ပွဲတွေကို ပြန်လည်သရုပ်ဖော်ရန် ရည်ရွယ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: AP



"ဒီအခမ်းအနားက မီးတုတ်တွေနဲ့ မီးရှူးမီးပန်းပွဲတော်တစ်ခုလိုပါပဲ၊ အပေါ်စီးကနေကြည့်ရင် မီးလောင်နေတဲ့ စာလုံးပုံပေါ်အောင် ကျောင်းသူကျောင်းသားတွေက မီးတုတ်တွေကိုင်ပြီး သရုပ်ပြတင်ဆက်ရပါတယ်၊ ကျွန်မတို့အင်္ကျီတွေဆို တစ်ခါတလေ မီးလောင်ခဲ့ဖူးတယ်" လို့ ကင်မ်ဂျီယောင်းက သူမရဲ့အတွေ့အကြုံကို ပြောခဲ့ပါတယ်။

"ခေါင်းဆောင်ကြီးရှိနေတဲ့ စင်ပေါ်ကိုလှမ်းကြည့်ရင်း မီးတုတ်ကိုင်ထားပြီး လေ့ကျင့်သင်ကြားထားတဲ့အတိုင်း စာလုံးပုံပေါ်အောင် ညီညီညာညာ ချီတက်ကြရတာပါ" လို့ သူမကဆိုပါတယ်။

Photo: Reuters



သတင်းဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ မြင်တွေ့ကြဖူးတဲ့အတိုင်း ခြေထောက်တွေကို အမြင့်ဆုံးဆန့်တန်းမြှောက်တင်ကာ ညီညီညာညာ ချီတက်နိုင်ရန်အတွက် အပြင်းအထန် လေ့ကျင့်ကြရတယ်လို့ သိရပါတယ်။

ဒီလို လေ့ကျင့်မှုတွေကို ခြောက်လကြာတဲ့အထိ ပြုလုပ်ရလေ့ရှိပြီး လေ့ကျင့်ရေးမှာပါဝင်ခဲ့ပါက ၁၁ ပေါင်လောက်အထိ ကိုယ်အလေးချိန် လျောကျသွားနိုင်တယ်လို့ ကင်မ်ဂျီယောင်းက ပြောပါတယ်။

စစ်ရေးပြချီတက်ပွဲ အခမ်းအနားကို စီစဉ်သူတွေကို အမှားအယွင်းမရှိ ပြီးပြည်စုံအောင် ကြိုးပမ်းကြရန် အာဏာပိုင်တွေက ညွန်ကြားလေ့ရှိပါတယ်။ ကောင်းမွန်စွာ ဆောင်ရွက်နိုင်သူတွေကို ဆုတံဆိပ်များ ချီးမြှင့်လေ့ရှိပြီး အမှားအယွင်း ဖြစ်ခဲ့ပါက ဆူပူကြိမ်းမောင်းခံရတယ်လို့ ဆိုပါတယ်။

စစ်ရေးပြချီတက်ပွဲတွေအတွက် လူရွေးချယ်မှု

မြောက်ကိုရီးယား အလုပ်သမားပါတီ အတွင်းရေးမှူးဖြစ်ခဲ့ဖူးပြီး လွန်ခဲ့တဲ့ လေးနှစ်က တောင်ကိုရီးယားကို ဘက်ပြောင်းခိုလှုံခဲ့သူ နိုဟီချန်းက စစ်ရေးပြချီတက်ပွဲတွေမှာ ပါဝင်ရန်အတွက် ခေါင်းဆောင်ကြီးကို သစ္စာအရှိဆုံး မိသားစုတွေကို ရွေးချယ်ရတဲ့တာဝန်ကို ဆောင်ရွက်ခဲ့ရပါတယ်။

Photo: Reuters



"အရင်အကြောင်းတွေကို ပြန်တွေးကြည့်ရင် တစ်ကယ့်ကို နာကျင်ခံစားရတဲ့ အတွေ့အကြုံပါပဲ၊ ပြည်သူတွေအပြင် ပါတီတာဝန်ရှိသူတွေပါ ဒုက္ခရောက်နေကြပေမဲ့ ဒီစစ်ရေးပြအခမ်းအနားတွေကို အစအဆုံး အောင်မြင်အောင် လုပ်ဖို့အတွက် တာဝန်ယူခဲ့ကြရတယ်" လို့ နိုဟီချန်းက ဖွင့်ဟခဲ့ပါတယ်။

စစ်ရေးပြချီတက်ပွဲမှာ ပါဝင်တဲ့သူတွေကို စစ်ဘက်ဆိုင်ရာကျောင်းများ သို့မဟုတ် အထူးတပ်ဖွဲ့များမှ ရွေးချယ်ကြပါတယ်။ ထို့အတူ ထူးချွန်တဲ့ အဆိုတော်များ၊ အကပညာရှင်များနဲ့ ကျွမ်းဘားသမားများကိုလည်း ရွေးချယ်ပါဝင်စေတယ်လို့ ဆိုပါတယ်။ ရွေးချယ်ခံရသူအားလုံးဟာ ကင်မ်မိသားစုကို သစ္စာခံကြသူများဖြစ်ရန်လည်း အထူးဂရုစိုက်ရပါတယ်။

မိသားစုမျိုးရိုးစဉ်ဆက်ကို စစ်ဆေးခံရ

"တစ်ယောက်ချင်းစီကို စစ်ဆေးရတယ်၊ အဓိက အရေးအကြီးဆုံး လုပ်ရတာက သူတို့ရဲ့ မိသားစုအစဉ်အဆက်ကို စစ်ဆေးရပါတယ်၊ သူတို့ဟာ မိသားစုးမှတ်တမ်းကောင်းရပါတယ်၊ နိုင်ငံကိုသစ္စာရှိသူလည်း ဖြစ်ရပါတယ်၊ ဒီလို သတ်မှတ်ချက်တွေက သူတို့ရဲ့ ဝမ်းကွဲဆွေမျိုးသားချင်းအထိ ကိုက်ညီမှုရှိရပါတယ်" လို့လည်း နိုဟီချန်းက ပြောပါတယ်။

မြောက်ကိုရီးယားကနေ ဘက်ပြောင်းခိုလှုံလာသူတွေရဲ့ ပြောကြားမှုအရ စစ်ရေးပြချီတက်ပွဲမှာပါဝင်ရန် ရွေးချယ်ခံရသူတွေဟာ တစ်နေ့လျှင် ၁၀ နာရီကြာဖြင့် လနဲ့ချီ လေ့ကျင့်ပြင်ဆင်ရတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ရေးအတွင်း နေမကောင်းဖြစ်သူနဲ့ ဒဏ်ရာရသူတွေရှိလာခဲ့ပါက အစားထိုးမှုတွေ ပြုလုပ်ကြရပါအတယ်။

Photo: EPA



အထူးသဖြင့် ငတ်မွတ်ခေါင်းပါးမှုဖြစ်ခဲ့တဲ့ နှစ်များအတွင်းမှာ စစ်ရေးပြချီတက်ပွဲအတွက် လေ့ကျင့်ရေးမှာပါဝင်သူတွေကို နေ့စဉ် အစားအသောက် စီစဉ်ခဲ့ရတဲ့ကိစ္စဟာ တစ်ကယ့်စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ကြောင်းလည်း နိုဟီချန်းက ပြောခဲ့ပါတယ်။

မနက်ဖြန် စက်တင်ဘာ ၉ ရက်မှာ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်မှု နှစ် ၇၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲကို ကြီးကျယ်ခမ်းနားစွာ မြင်တွေ့ကြရမှာပါ။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြ ချီတက်ပွဲတွေအတွက် ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယားပြည်သူတွေကလည်း နှစ်စဉ် ပင်ပန်းကြီးစွာ လေ့ကျင့်ပြင်ဆင်နေကြရအုံးမှာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က