အသည်းရဲ့ ၆၇ ရာခိုင်နှုန်းအထိ ပေးလှူခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှ ဆေးတက္ကသိုလ်ဘွဲ့ရ ဆရာဝန်လောင်း အမျိုးသားတစ်ဦးက ၎င်းရဲ့အသည်း သုံးပုံနှစ်ပုံအထိကို ငယ်စဉ်က ပညာသင်ကြားပေးခဲ့တဲ့ မူလတန်းပြဆရာမအတွက် အသည်းအစားထိုး ကုသနိုင်ရန် ပေးလှူခဲ့ပါတယ်။

yq-chenzerong-10092018.jpg

မူတလန်းဆရာမကို အသည်းပေးလှူခဲ့သည့် ချန်ဇီရောင်း (Photo:The Star/Asia News Network)



အသက် ၂၅ နှစ်အရွယ် ချန်ဇီရောင်းအမည်ရှိ ဆေးတက္ကသိုလ်ဘွဲ့ရကျောင်းသားက ၎င်းရဲ့အသည်း ၆၇ ရာခိုင်နှုန်းအထိကို မူလတန်းမှာ ပညာသင်ကြားပေးခဲ့တဲ့ ဆရာမ လီယန်ဖန်းပင်အတွက် ပေးလှူခဲ့ကြောင်း သိရပါတယ်။

ဆရာမလီယန်ဟာ ချန်ဇီရောင်း ငယ်စဉ်က ကွမ်တန်မှာရှိတဲ့ ကောင်မင်းတရုတ်မူလတန်းကျောင်းမှာ တက်ရောက်ခဲ့စဉ် ၎င်းကို သိပ္ပံဘာသာရပ် သင်ကြားပေးခဲ့ပါတယ်။ ဆရာမလီယန်ရဲ့ တစ်ဦးတည်းသောသမီး ဇန်ဇီဂျင်းဟာလည်း ချန်ဇီရောင်းနဲ့ အသက်ငါးနှစ်အရွယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆရာမလီယန်မှာ အသည်းရောဂါဖြစ်နေပြီး အစားထိုးလဲလှယ်ကုသရန် လိုအပ်နေကြောင်း သိရှိရပြီးနောက် ချန်ဇီရောင်းက တုံ့ဆိုင်းတွေဝေနေခြင်းမရှိဘဲ အသည်းလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဆရာမလီယန်ကို ချန်ဇီရောင်းရဲ့အသည်းနဲ့ အစားထိုးကုသမှုကို စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး ယခုအခါ နှစ်ဦးလုံး ဆေးရုံမှာ နာလန်ထူနေတဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။

ဆရာမလီယန်နှင့် သမီးဖြစ်သူ ဇန်ဇီဂျောင်း (Photo:The Star/Asia News Network)



အသည်းအစားထိုး ခွဲစိတ်ကုသပြီးနောက် လက်ရှိမှာ ချန်ဇီရောင်းဟာ အသားဝါရောဂါ ခံစားနေရကြောင်း၊ သို့သော် ၎င်းရဲ့အသည်း ပြန်လည်ဖွံ့ဖြိုးလာချိန်မှာ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာမယ်လို့ Nanyang Siang Pau Medical Foundation က Facebook မှာ ပြောထားပါတယ်။

အသည်းလှူခဲ့တဲ့ ချန်ဇီရောင်းဟာ အောက်စီဂျင်စက်မလိုဘဲ ၎င်းကိုယ်တိုင် အသက်ရှူနိုင်ပြီး ကုတင်ပေါ်မှာ ထိုင်နိုင်နေပြီဖြစ်ပေမဲ့ အနည်းငယ် နာကျင်မှုကိုတော့ ခံစားနေရဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။ ၎င်းဟာ တစ်ပတ်အတွင်း ဆေးရုံမှဆင်းနိုင်မယ်လို့လည်း ဆိုပါတယ်။

သွေးစစ်ဆေးမှုတွေအရ ချန်ဇီရောင်းရဲ့အသည်းကို ဆရာမလီယန်ရဲ့ ခန္ဓာကိုယ်မှာ ကောင်းစွာအလုပ်လုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဆရာမလီယန်ကိုတော့ သူမရဲ့ အခြေအနေ တည်ငြိမ်လာတဲ့အထိ ကျောက်ကပ်အတွင်းမှ ရေပိုနဲ့ အညစ်အကြေးများ ဖယ်ထုတ်သန့်စင်တဲ့ ကုသမှုပြုလုပ်ပေးထားပါတယ်။

"ပထမခြောက်လက အရေးအကြီးဆုံးကာလပါပဲ၊ လီယန်ရဲ့အခြေအနေ တည်ငြိမ်နေမယ်ဆိုရင် တစ်လအတွင်း ဆေးရုံကနေဆင်းနိုင်မှာပါ" လို့ Nanyang Siang Pau Medical Foundation က ပြောပါတယ်။

Map: Google



ဆရာမလီယန်ဟာ လက်ရှိမှာ အသက်ရှူကိရိယာတွေ အကူအညီဖြင့် နေရဆဲဖြစ်ပေမဲ့ ဆရာဝန်တွေက အခြေအနေကောင်းတယ်လို့ ပြောခဲ့ကြောင်း သူမရဲ့သမီးဖြစ်သူ ဇန်ဇီဂျင်းက ဆိုပါတယ်။ သူမက သူငယ်ချင်းဖြစ်သူ ချန်ဇီရောင်းကိုလည်း ဆေးရုံမှာ ပြုစုစောင့်ရှောက်ပေးနေကြောင်းလည်း သိရပါတယ်။

မိခင်ဖြစ်သူ အသည်းအစားထိုး ခွဲစိတ်ကုသမှု ပြုလုပ်ပြီးတဲ့ညမှာ ဇန်ဇီဂျင်းက သူမရဲ့သူငယ်ချင်းကောင်း ချန်ဇီရောင်းကို ကျေးဇူးတင်ကြောင်း Facebook မှာ ရေးသားထားခဲ့ပါတယ်။

ချန်ဇီရောင်းရဲ့ ခင်မင်ရင်းနှီးမှုနဲ့ စွန့်လွှတ်မှုဟာ အံ့အားသင့်စရာဖြစ်ကြောင်းနဲ့ သူမရဲ့မိခင်ကို အသက်ရှင်ခွင့်ပေးခဲ့ကြောင်း ဇန်ဇီဂျင်းက ပြောထားပါတယ်။

"ချန်နဲ့ သူ့မိသားစုရဲ့ ကူညီဖေးမမှုက ချစ်ခြင်းမေတ္တာဆိုတာ မိသားစုထဲမှာတင် ဖြစ်တည်နေတာမျိုး မဟုတ်ဘူးဆိုတာ ကျွန်မ လက်တွေ့သိလိုက်ရပါတယ်၊ တစ်စုံတစ်ယောက်က ရိုးသားစစ်မှန်တယ်ဆိုရင် ချစ်ခြင်းမေတ္တာဆိုတာ နေရာတိုင်းမှာရှိပါတယ်" လို့ ဇန်ဇီဂျင်းက ဖွင့်ဟခဲ့ပါတယ်။

"သူ ဒီလို အသည်းပေးလှူပြီး အမေ့ရဲ့အသက်ကို ကယ်တင်ခဲ့သူဖြစ်လာမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး" လို့လည်း ဇန်ဇီဂျင်း Facebook မှာ ရေးထားခဲ့ပါတယ်။

Share

Loading Next Article...
က္က