တတိယအကြိမ် စည်းကမ်းဖောက်ဖျက်ပါက ရိုက်နှက်ဆုံးမခွင့် တောင်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသူကျောင်းသားတွေကို အပြစ်ပေးတဲ့အနေနဲ့ သစ်သားပြားဖြင့်ရိုက်ပြီးဆုံးမရန် မိဘများထံမှ သဘောတူခွင့်ပြုချက် တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းအုပ်ချုပ်ရေးမှူး ဂျိုဒီ (Photo: WRDW-TV)




Georgia School for Innovation and the Classics က ကျောင်းသူကျောင်းသားတွေ တတိယအကြိမ် စည်းကမ်းဖောက်ဖျက်မှုအပြီးမှာ ၎င်းတို့ကို သစ်သားပြားဖြင့်ရိုက်ပြီး အပြစ်ပေးဆုံးမခွင့်ပြုရန် မိဘများထံ စာတစ်စောင်ပေးပို့ခဲ့ကြောင်း သိရပါတယ်။

ဂျော်ဂျီယာပြည်နယ်ဟာ ကျောင်းတွေမှာ သစ်သားပြားဖြင့် အပါအဝင် ရိုက်နှက်ပြစ်ဒဏ်ပေးခွင့်ပြုထားတဲ့ အမေရိကန်ပြည်နယ် ၁၉ ခုထဲမှာ ပါဝင်ပါတယ်။ "ဒီကျောင်းမှာ ကျွန်တော်တို့ စည်းကမ်းတင်းကျပ်ထားပါတယ်" လို့ ကျောင်းအုပ်ချုပ်ရေးမှူး ဂျိုဒီက ဒေသခံမီဒီယာတွေကို ပြောပါတယ်။

Photo: WRDW-TV



အမေရိကန် ပြည်နယ်တစ်ခုချင်းစီမှာ ရိုက်နှက်ပြစ်ဒဏ်ပေးမှုကို သတ်မှတ်ပြဌာန်းမှု မတူညီကြဘူးလို့ ဆိုပါတယ်။ ရိုက်နှက်ပြစ်ဒဏ်ပေးမှုကို အားအလွန်အကျွံမသုံးဘဲ စည်းကမ်းတွေကို လိုက်နာစေရန် ချမှတ်လုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။

အော်ဂတ်စ်တာတောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ Hephzibah မြို့မှ စာသင်ကျောင်းက ကျောင်းသူကျောင်းသားများအား ရိုက်နှက်ဆုံးမမယ့် သတ်မှတ်ပြဌာန်းချက်အသစ်တွေ ဖော်ပြထားတဲ့ စာတစ်စောင်ကို မိဘများထံ ပေးပို့ခဲ့ပါတယ်။

Photo: WRDW-TV



အပြစ်ပေးခံရတဲ့ ကျောင်းသူကျောင်းသားကို ရုံးခန်းထဲမှာ တံခါးပိတ်ပြီး တင်ပါးကို ရိုက်နှက်ဆုံးမမယ်လို့ သတ်မှတ်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ထိုသို့ ရိုက်နှက်ဆုံးမရာမှာ သုံးချက်ထက်မပိုစေရန်နဲ့ ရိုက်နှက်ရာမှာ အသုံးပြုတဲ့ သစ်သားပြားအရွယ်အစားကိုလည်း သတ်မှတ်ထားကြောင်း သိရပါတယ်။

ကျောင်းရဲ့ အဆိုပါ မူဝါဒအသစ်က ပျမ်းမျှအသက် ငါးနှစ်မှ ၁၅ နှစ်အရွယ်တွေဖြစ်တဲ့ မူလတန်းမှ ကိုးတန်းအထိ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ ကျောင်းသူကျောင်းသားတွေကတော့ ကျောင်းကထုတ်ပြန်လိုက်တဲ့ ရိုက်နှက်ဆုံးမမယ့် မူဝါဒသစ်ဟာ ခေတ်ဟောင်းမှ အပြစ်ပေးတဲ့စနစ် ဖြစ်နေတယ်လို့ ထောက်ပြဝေဖန်ခဲ့ကြပါတယ်။

အမေရိကန်ပြည်နယ်တွေနဲ့ ရိုက်နှက်အပြစ်ပေးမှု

အမေရိကန်မှာ မစ္စစ္စပီ၊ တက္ကဆက်၊ အလာဘားမား၊ အာကင်ဆက်၊ ဂျော်ဂျီယာ၊ အိုကလာဟိုးမားနဲ့ လူဝီစီးယားနား အပါအဝင် ပြည်နယ် ၁၉ ခုရှိ စာသင်ကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေ စည်းကမ်းလိုက်နာစေရန် ရိုက်နှက်ဆုံးမခွင့်ပြုထားပါတယ်။

ပြည်နယ်တစ်ခုချင်းစီမှာတော့ ရိုက်နှက်ဆုံးမရာမှာ အသုံးပြုတဲ့ သစ်သားပြားနဲ့ မည်မျှပြင်းထန်တဲ့ ရိုက်နှက်မှု စသဖြင့် သတ်မှတ်ချက်တွေ ကွဲပြားကြကြောင်း သိရပါတယ်။



ကျောင်းတွေမှာ ရိုက်နှက်အပြစ်ပေးမှုကို အခြား ပြည်နယ် ၃၁ ခုနဲ့ ဝါရှင်တန်ဒီစီမှာတော့ တားမြစ်ပိတ်ပင်ထားပါတယ်။ နယူးမက္ကစီကိုပြည်နယ်မှာလည်း ကျောင်းသူကျောင်းသားများအား ရိုက်နှက်ဆုံးမခွင့်ကို ၂၀၁၁ ခုနှစ်မှာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

ကျောင်းသူကျောင်းသားတွေကို ရိုက်နှက်ဆုံးမမှုနဲ့ ပတ်သက်ပြီး တရားဝင် မူဝါဒ သတ်မှတ်ပြဌာန်းတဲ့ အလေ့အထ ရှားပါးကြောင်းလည်း အမေရိကန် မီဒီယာတွေက ပြောပါတယ်။ အမေရိကန်မှာ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွင်း ကျောင်းသူကျောင်းသား ၂၀၀,၀၀၀ ကျော် ရိုက်နှက်အပြစ်ပေးခံခဲ့ရကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က