တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ယနေ့မနက်ပိုင်းမှာ ပြုံးယမ်ကို ရောက်ရှိလာခဲ့ကြပါတယ်။

မတိုးသာမဆုတ်သာဖြစ်နေတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေကို အဓိကထားပြီး ဆွေးနွေးရန်အတွက် တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များက မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ယနေ့ (စက်တင်ဘာ ၁၈ ရက်) တွေ့ဆုံနေကြပါတယ်။

Photo: Reuters



တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ သမ္မတကတော် ကင်ဂျောင်ဆွတ်တို့က ယနေ့မနက်ပိုင်းမှာ ပြုံးယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာခဲ့ရာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ၎င်းရဲ့ဇနီး ရီဆိုလ်ဂျူတို့က ကြိုဆိုခဲ့ကြပါတယ်။

မွန်ဂျေအင်းက မြောက်ကိုရီးယားနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတများ မြောက်ကိုရီးယားကို လာရောက်မှုအဖြစ်  ၂၀၀၀ ပြည့်နှစ်မှာ သမ္မတကင်မ်ဒေးဂျုံနဲ့ ၂၀၀၇ ခုနှစ်မှာ သမ္မတရိုမိုဟွန်းတို့ ပြုံးယမ်းကိုရောက်ခဲ့ဖူးပါတယ်။

Photo: Reuters



လက်ရှိ တောင်ကိုရီးယားသမ္မ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်တို့ ယနေ့တွေ့ဆုံမှုဟာ ယခုနှစ်အတွင်း တတိယအကြိမ်မြောက်လည်း ဖြစ်လာပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဧပြီ ၂၇ ရက်မှာ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအဖြစ် တောင်ကိုရီးယားဘက်ရှိ နယ်စပ်ဒေသမှာ တွေ့ဆုံခဲ့ကြပါတယ်။

ထို့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ စင်ကာပူထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ၎င်းတို့နှစ်ဦး မြောက်ကိုရီးယားဘက်ရှိ နယ်စပ်ဒေသမှာ ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။

Photo: Reuters



ယခုတစ်ကြိမ် တွေ့ဆုံကြရာမှာတော့ ဇွန်လအတွင်း ပြုလုပ်ခဲ့တဲ့ ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲအပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ကတိကဝတ်ကို အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား စေ့စပ်ညှိနှိုင်းမှုများ မတိုးသာမဆုတ်သာ ဖြစ်နေမှုကို အဓိကထား ဆွေးနွေးကြမယ်လို့ သိရပါတယ်။

နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက် ပြုလုပ်နေခဲ့ပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန် အစရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး တင်းမားခဲ့တဲ့ မြောက်ကိုရီးယားဟာ ယခုနှစ်အစောပိုင်းမှစပြီး သံတမန်ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လာခဲ့ပါတယ်။

Photo: Reuters



မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ၎င်းနိုင်ငံရဲ့ သံတမန်ဆက်ဆံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေတဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင်းပင်နဲ့ သွားရောက်တွေ့ဆုံမှုတွေလည်း ရှိခဲ့ပါတယ်။ အိမ်နီးချင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့လည်း ယခုတစ်ကြိမ် အပါအဝင် သုံးကြိမ်တွေ့ဆုံခဲ့ပါတယ်။

Photo: Reuters



မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ယခင်က စကားလုံးစစ်ပွဲတွေ အပြန်အလှန် ဆင်နွှဲနေခဲ့ကြတဲ့ အမေရိကန်သမ္မတထရန့်နဲ့လည်း ယခုနှစ် ဇွန်လ ၁၂ ရက်က စင်ကာပူနိုင်ငံမှာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲအတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရန် လုပ်ဆောင်သွားမယ်လို့ သဘောတူညီထားခဲ့ကြကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က