ဝယ်ယူသူတွေက လေလံစာရင်းမှာ ပါဝင်နေတဲ့ ရဟတ်ယာဉ်လေးစီးကို စိတ်ဝင်စားနေကြပါတယ်။

ပါကစ္စတန်အစိုးရသစ်က ခြိုးခြံချွေတာရေး အစီအစဉ်သစ်အရ အစိုးရပိုင်ယာဉ်တွေရဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပစ်နိုင်ရန် ကားနဲ့ရဟတ်ယာဉ်တွေကို လေလံတင်ရောင်းချခဲ့ပြီး ယခင်ဝန်ကြီးချုပ်က ၎င်းရဲ့ဟင်းလျာအတွက် မွေးမြူထားခဲ့တဲ့ ကျွဲ္ဂရှစ်ကောင်ကိုလည်း အလားတူ လေလံတင်သွားမယ်လို့ ဆိုပါတယ်။

Photo: Reuters




သို့သော်လည်း အများပြည်သူမြင်ကွင်းရှေ့အဖြစ် ဝန်ကြီးချုပ်နေအိမ်ရှေ့ မြက်ခင်းပြင်မှာ ပြုလုပ်ခဲ့တဲ့ လေလံတင်ရောင်းချမှုဟာ အစိုးရရဲ့ကြွေးမြီတွေကို ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း လေလံဆွဲဝယ်ယူသူတွေက လှောင်ပြောင်ရယ်မော ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်အစိုးရသစ်က လေလံပွဲကနေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၆ သန်း ရရှိမယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ ယမန်နေ့ (စက်တင်ဘာ ၁၇ ရက်) ရောင်းချရမှုဟာ ဒေါ်လာ ၆၀၀,၀၀၀ မျှသာ ရရှိခဲ့ကြောင်း သိရပါတယ်။ ကျန်ရှိနေသေးတဲ့ ယာဉ်တွေကို ဆက်လက် လေလံတင်ရောင်းချပြီး ကြွေးမြီကိစ္စကို ဖြေရှင်းရန် အစိုးရက ရည်ရွယ်ထားပါတယ်။

Photo: Reuters



ဝယ်ယူသူတွေက အစိုးရရဲ့ လေလံစာရင်းမှာ ထည့်သွင်းထားတဲ့ ရဟတ်ယာဉ်လေးစီးကို စိတ်ဝင်စားမှုရှိနေကြပေမဲ့ ထိုရဟတ်ယာဉ်တွေကိုမူ ယခုလနှောင်းပိုင်းကျမှသာ အမှန်တစ်ကယ် လေလံတင်ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။

ထို့အတူ အစိုးရရဲ့ လေလံပွဲမှာ ကျွဲရှစ်ကောင်ကိုလည်း မည်သို့ရောင်းချသွားမည်ကို မသိရသေးဘူးလို့ ဆိုပါတယ်။ အဆိုပါ ကျွဲရှစ်ကောင်ဟာ ယခင်ဝန်ကြီးချုပ် နဝပ်ဇ် ရှရစ်ဖ်က ၎င်းရဲ့ဟင်းလျာအတွက် မွေးမြူထားခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်း (Photo: AP)



ပါကစ္စတန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ခရစ်ကတ်ကစားသမားဟောင်း အမ်ရန်ခန်းက အနိုင်ရရှိပြီး ဝန်ကြီးချုပ်သစ် ဖြစ်လာခဲပါတယ်။ ဝန်ကြီးချုပ်ခန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြွေးကြော်မှုနဲ့အတူ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အစိုးရအသုံးစရိတ် ခြိုးခြံချွေတာမှုကို အကောင်အထည်ဖော်နေပါတယ်။

သို့သော် ဝေဖန်သူတွေကတော့ ဝန်ကြီးချုပ်ခန်းဟာ လက်တွေ့ကျကျဖြစ်မှုထက် စတိုင်လ်ထုတ်နေတာ ပိုများနေကြောင်း ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ လအတွင်းကလည်း ဝန်ကြီးချုပ်ခန်းက ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်ရန် ရဟတ်ယာဉ်စီးပြီး ရုံးတက်ခဲ့တာကြောင့် လှောင်ပြောင်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

Photo: Reuters



ပါကစ္စတန်အစိုးရသစ်က စက်တင်ဘာ ၁၇ ရက်မှာ ခင်းကျင်းပြသပြီး လေလံတင်ခဲ့တဲ့ ကားအစီးရေ ၁၀၀ ကျော်အနက် ထက်ဝက်ဟာ ဇိမ်ခံကားများအဖြစ် ဈေးသတ်မှတ်ထားပါတယ်။ သို့သော် လေလံတင်ခဲ့တဲ့ ကားအစီးရေ ၆၂ စီးသာ ရောင်းထွက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

လေလံတင်ခဲ့တဲ့ ကားတွေအနက် ဝန်ကြီးချုပ်ဟောင်းရှရစ်ဖ် လက်ထက်က ၂၀၁၆ ခုနှစ်မှာ ဝယ်ယူထားခ့တဲ့ Mercedes Maybach S-600s နှစ်စီးလည်း ပါဝင်ခဲ့ရာ အဆိုပါ ကားတစ်စီးကို လေလံကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၁.၃ သန်း သတ်မှတ်ခဲ့ရာ လေလံပွဲတက်ရောက်လာသူ ၅၀၀ နီးပါးက အော်ဟစ်လှောင်ပြောင် ရယ်မောခဲ့ကြပြီး ဝယ်ယူသူမရှိခဲ့ပါဘူး။

Photo: Reuters



ထို့အတူ BMW ကားခုနစ်စီးနဲ့ ၁၉၉၃ ခုနှစ်ထုတ် Mercedes Benz S-300s ကားအမျိုးအစား ၁၄ စီးလုံးလည်း ရောင်းမထွက်ခဲ့ကြောင်း သိရပါတယ်။ ယမန်နေ့ လေလံပွဲမှာ ဈေးအမြင့်ဆုံးဖြင့် ရောင်းချနိုင်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်ထုတ် Toyota Land Cruiser ကျည်ကာကားတစ်စီးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ရခဲ့ပါတယ်။

နောက်ထပ် ၂၀၀၅ ခုနှစ်ထုတ် Mercedes အမျိုးအစား ကျည်ကာဂျစ်ကားလေးစီးကိုလည်း ဝယ်ယူသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ပါကစ္စတန်အစိုးရက လေလံတင်ခဲ့တဲ့ ကားအများအပြားဟာ ဇိမ်ခံကားတွေ မဟုတ်ဘဲ အချို့ဟာ ၁၉၈၀ ပြည့်ဝန်းကျင်မှာ ထုတ်လုပ်ထားခဲ့တဲ့ကားတွေ ဖြစ်ပါတယ်။

လေလံပွဲမှာ ရောင်းချတဲ့ ကားတွေအနက် ၂၀၀၅ ခုနှစ်ထုတ် Suzuki hatchback ကားမှာ ဈေးအသက်သာဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄,၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း အက်ဖ်ဇယ်အမည်ရှိ ဝယ်သူက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က