အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ငွေများ ပျောက်ဆုံးသွားမှုနဲ့ ဆက်စပ်နေပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်ကို ၎င်းရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ အမေရိကန်ဒေါ်လာ ၆၈၁ သန်းကျော် လွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး ငွေကြေးခဝါချမှု စွဲချက် ၂၁ ခုနဲ့ အာဏာအလွဲသုံးမှု ၄ ခုတို့ဖြင့် ယနေ့ (စက်တင်ဘာ ၂၀ ရက်) စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

(ငွေကြေးခဝါချမှု ၂၁ ခုဖြင့် ရင်ဆိုင်ရမည့် နဂျစ်) (Photo: Reuters)

စွဲချက်တွေအနက် တရားမဝင်ငွေလက်ခံမှု ကိုးခု၊ တရားမဝင်ငွေများ အသုးပြုမှု ငါးခုနဲ့ အခြား လူပုဂ္ဂိုလ်များထံ တရားမဝင်ငွေများ လွှဲပြောင်းပေးမှု ခုနစ်ခုတို့ ပါဝင်ကြောင်း ရဲတပ်ဖွဲ့မှ လက်ထောက် စုံစမ်းစစ်ဆေးရေးမှူးချုပ် နူးရ်ရရှစ်ဒ် အီဗရာဟင်မ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်ကတော့ မည်သည့်အမှားမျှ ကျူးလွန်ထားခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ ၎င်းရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ ငွေများလွှဲပြောင်းပေးမှုနဲ့ ပတ်သက်ပြီး ယနေ့နှောင်းပိုင်းမှာ တရားရုံးတော်မှာ စွဲချက်တင်သွားမယ်လို့ ဆိုပါတယ်။



(1MDB စီမံကိန်းတစ်ခု) (Photo: Bloomberg)

ယခုအမှုဟာ နဂျစ်လက်ထက်က တည်ထောင်ခဲ့တဲ့ အစိုးရပိုင် 1Malaysia Development Berhad (1MDB) ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ငွေများ ပျောက်ဆုံးသွားမှုနဲ့ ဆက်စပ်နေပါတယ်။ ရဲတပ်ဖွဲ့က ယနေ့မနက်ပိုင်းမှာ ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို စီးပွားရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနသို့ ဆင့်ခေါ်ပြီး ထွက်ဆိုချက် ရယူမှတ်တမ်းတင်ခဲ့ကြောင်း သိရပါတယ်။ Bernama သတင်းဌာနက Twitter မှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုအရ မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးချုပ်ကနေ ဒေသစံတော်ချိန် မနက် ၉ နာရီဝန်းကျင်မှာ ဝန်ကြီးချုပ်ဟောင်းနဂျစ် ပြန်လည်ထွက်ခွာလာတာ တွေ့ခဲ့ရပါတယ်။

ထို့နောက်မှာတော့ ရဲအရာရှိ နူးရ်ရရှစ်ဒ်က ဝန်ကြီးချုပ်ဟောင်းကို အမေရိကန်ဒေါ်လာ ၆၈၁ သန်း အမှုကိစ္စနဲ့ဆက်နွယ်ပြီး အများဆုံး စွဲချက် ၂၁ ခုအထိဖြင့် စွဲချက်တင်သွားရန် ပြင်ဆင်ထားတယ်လို့ ပြောခဲ့ပါတယ်။

(တစ်ကျော့ပြန် မလေးရှားဝန်ကြီးချုပ် မဟာသီယာ) (Photo: AP)

ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို 1MDB အမှုကိစ္စ စုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွယ်ပြီး ယမန်နေ့ (စက်တင်ဘာ ၁၉ ရက်) မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထပ်မံ ဖမ်းဆီးခဲ့ပြီး ပူထရာဂျာယာရှိ ရုံးချုပ်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။ ယခင်ကလည်း ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ 1MDB မှ များပြားတဲ့ငွေပမာဏတစ်ရပ် ၎င်းရဲ့ ကိုယ်ပိုင် ဘဏ်စာရင်းသို့ ရောက်ရှိနေမှုဖြင့် နဂျစ်ကို ဖမ်းဆီးခဲပါသေးတယ်။

ယခုနှစ် ရွေးကောက်ပွဲမှာ တစ်ချိန်က ၎င်းရဲ့ဆရာဖြစ်ခဲ့ဖူးသူ အသက် ၉၃ နှစ်အရွယ် မဟာသီယာကို ရှုံးနိမ့်ခဲ့ပြီးနောက် နဂျစ်ဟာ အာဏာလက်လွှတ်ခဲ့ရပါတယ်။ ထိုအချိန်မှစပြီး 1MDB ငွေကြေးအရှုပ်အထွေးကို စုံစမ်းစစ်ဆေးရာမှာ ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို စွဲချက်တင်မှုတွေရှိလာခဲ့ပါတယ်။ တစ်ကျော့ပြန်ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ မဟာသီယာကလည်း 1MDB မှ ပျောက်ဆုံးသွားတဲ့ ငွေတွေကို ပြန်ရအောင် ကြိုးပမ်းသွားမှာဖြစ်ပြီး နဂျစ်ကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က