ရေနစ်သူတွေကို ရှာဖွေရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်နေပါတယ်။

တန်ဇန်းနီးယားနိုင်ငံ ဗစ်တိုးရီးယားရေအိုင်ကြီးအတွင်း လူဦးရေ ရာနဲ့ချီတင်ဆောင်လာတဲ့ ကူးတို့သင်္ဘောတစ်စီး တိမ်းမှောက်နစ်မြုပ်မှုအတွင်း လူ ၁၃၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ရေနစ်ခဲ့သူ အရေအတွက် ၂၀၀ ကျော်ရှိနိုင်တယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။

တိမ်းမှောက်နစ်မြုပ်ခဲ့သည့် ကူးတို့သင်္ဘော (Photo: The EastAfrican)



ယမန်နေ့ (စက်တင်ဘာ ၂၀ ရက်) ညပိုင်းအချိန်မှာ ရေနစ်သူတွေကိုရှာဖွေရေး ရပ်ဆိုင်ထားခဲ့ပြီးနောက် ယနေ့ (စက်တင်ဘာ ၂၁ ရက်) မှာ ရှာဖွေရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်နေပါတယ်။ MV Nyerere ကူးတို့သင်္ဘောဟာ ယူကိုရာကျွန်းနဲ့ ဘူဂိုလိုရာကျွန်းနှစ်ခုကြား ကမ်းခြေအနီးမှာ စက်တင်ဘာ ၂၀ ရက်နေ့က တိမ်းမှောက်သွားခဲ့ပါတယ်။

Photo: Stephen Msengi



ကူးတို့သင်္ဘောဟာ လူများအဆမတန် တင်ဆောင်လာခဲ့ပြီး ကမ်းခြေကိုဆိုက်ကပ်ရန် ပြင်ဆင်နေစဉ် လူအများအပြားက သင်္ဘောတစ်ဖက်ခြမ်းသို့ စုပြုံရောက်ရှိလာခဲ့ရာမှာ တိမ်းစောင်းနစ်မြုပ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။ ဒေသခံမီဒီယာတွေရဲ့ အဆိုအရ တိမ်းမှောက်ခဲ့တဲ့ ကူးတို့သင်္ဘောဟာ လူဦးရေ ၁၀၀ တင်ဆောင်ရန်သာ တရားဝင်ခွင့်ပြုထားကြောင်း သိရပါတယ်။

Photo: Robin Njogu



တိမ်းမှောက်နစ်မြုပ်မှု ဖြစ်ပွားခဲ့စဉ် ကူးတို့သင်္ဘောပေါ်မှာ လူဦးရေ ၄၀၀ အထိ အဆမတန် တင်ဆောင်လာခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ သင်္ဘောတိမ်းမှောက်မှု ဖြစ်ပြီးနောက် လူ ၁၀၀ ခန့်ကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၃၇ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: Robin Njogu



သင်္ဘောတိမ်းမှောက်နစ်မြုပ်ခဲ့တဲ့ ယမန်နေ့မှာ လူ ၄၄ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ယနေ့မှာတော့ နောက်ထပ် ၄၂ ဦးရဲ့ အလောင်းတွေကို ပြန်ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

ကူးတို့သင်္ဘော တိမ်းမှောက်နစ်မြုပ်မှုမှ သေဆုံးသူအရေအတွက် အတိအကျကိုမူ အတည်မပြုနိုင်သေးကြောင်းနဲ့ ခရီးသည်တွေကို လက်မှတ်ရောင်းသူလည်း သေဆုံးခဲ့ပြီး လက်မှတ်ရောင်းချခဲ့မှု မှတ်တမ်းများပါဝင်တဲ့ စက်ကိရိယာ ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Share

Loading Next Article...
က္က