လေပြင်းတိုက်မှုကြောင့် ငါးဖောင်နဲ့အတူ ပင်လယ်ထဲကို မျောပါသွားခဲ့ပါတယ်။

ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းတဲ့ အင်ဒိုနီးရှား ဆယ်ကျော်သက်တစ်ဦးဟာ လေပြင်းတိုက်မှုကြောင့် ငါးဖောင်နဲ့အတူ ပင်လယ်ပြင်မှာ ၄၉ ရက်ကြာ မျောပါနေခဲ့ပေမဲ့ အသက်ရှင်နိုင်ခဲ့ပါတယ်။

အယ်လ်ဒီနိုဗယ်ကို ကယ်တင်ခဲ့စဉ် (Photo: KJRI Osaka)



ပင်လယ်ထဲမှာ တစ်လခွဲကျော်ကြာ မျှောပါနေခဲ့တဲ့ ဆယ်ကျော်သက်က ပင်လယ်ရေသောက်ပြီး ၎င်းရဲ့ ငါးဖောင်မှသစ်သားဖြင့် မီးဖိုကာ ငါးတွေချက်စားရင်း အသက်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၁၉ နှစ်အရွယ် အယ်လ်ဒီနိုဗယ် အက်ဒီလန်း အမည်ရှိ ဆယ်ကျော်သက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်မှာ လေပြင်းတိုက်မှုကြောင့် ငါးဖောင်နဲ့အတူ အင်ဒိုနီးရှား ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို ၇၇ မိုင် အကွာအဝေးထိ မျောပါသွားခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ပြင်မှာ ငါးဖောင်နဲ့အတူ မျောနေခဲသည့် အယ်လ်ဒီနိုဗယ် (Photo: Indinesian Consulate Osaka/Facebook)



၎င်းကို အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ဂူအမ်ကျွန်းအနီးမှာ ပနားမားသင်္ဘောတစ်စီးက တွေ့ရှိကယ်တင်ခဲ့ကြောင်း သိရပါတယ်။ ဆူလာဝေစီကျွန်းမှာနေထိုင်တဲ့ အယ်လ်ဒီနိုဗယ်က ငါးတွေကို ထောင်ခြောက်ဆင်ဖမ်းဆီးကြတဲ့ စက်တပ်ဆင်ထားခြင်းမရှိ၊ လှော်တက်လည်းမပါတဲ့ ငါးဖောင်မှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ငါးဖောင်တွေဟာ ရေထဲမှာပေါလောပေါ်နေတဲ့ တဲငယ်တစ်ခုအသွင်ဖြစ်ပြီး ပင်လယ်ထဲကိုမျောပါမသွားစေရန် ကျောက်ချထားလေ့ရှိပါတယ်။ သို့သော် လေပြင်းတိုက်မှုကြောင့် ငါးဖောင် ကျောက်ချထားရာမှ ပင်လယ်ထဲကို မျှောပါသွားခဲ့ပါတယ်။

အင်ဒိုကောင်စစ်ဝန်ရုံး တာဝန်ရှိသူနဲ့အတူ တွေ့ရသည့် အယ်လ်ဒီနိုဗယ် (ယာဘက်မှ) (Photo: KJRI Osaka)



ပင်လယ်ထဲမှာ မျှောပါနေခဲ့စဉ် ဆယ်ကျော်သက် အယ်လ်ဒီနိုဗယ်က ကြောက်ရွံ့နေခဲ့ပြီး တစ်ခါတရံ ငိုခဲ့တယ်လို့ Jakarta Post သတင်းစာကို ဖွင့်ဟခဲ့ပါတယ်။ သင်္ဘောကြီးတွေကို လှမ်းမြင်ရတဲ့အချိန်တိုင်း မျှော်လင့်ချက်ဖြစ်ခဲ့ပေမဲ့ သင်္ဘော ၁၀ စီးကျော်က ၎င်းကို မြင်တွေ့ခြင်းမရှိ သို့မဟုတ် ရပ်တန့်ခြင်းမရှိဘဲ ခုတ်မောင်းသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

သြဂုတ် ၃၁ ရက်မှာတော့ အယ်လ်ဒီနိုဗယ်က အနီးအနားမှာ MV Arpeggio သင်္ဘောကို လှမ်းမြင်ခဲ့ရပြီးနောက် အရေးပေါ် ရေဒီယိုအချက်ပြဆက်သွယ်မှု ထုတ်လွှင့်ခဲ့ပါတယ်။ ထို့နောက် အဆိုပါ သင်္ဘောက ၎င်းကို တွေ့ရှိသွားပြီး ကယ်တင်ခဲ့ကြောင်း သိရပါတယ်။

အယ်လ်ဒီနိုဗယ်နှင့် မိသားစု ပြန်ဆုံတွေ့ကြစဉ် (Photo: KJRI Osaka)



သင်္ဘောကပ္ပတိန်က ဂူအမ်ကျွန်း ကမ်းခြေစောင့်တပ်ဖွဲ့ထံ ဆက်သွယ်ခဲ့ပြီးနောက် အယ်လ်ဒီနိုဗယ်ကို သင်္ဘောခရီးစဉ် ဦးတည်ရာဖြစ်တဲ့ ဂျပန်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

အင်ဒိုဆယ်ကျော်သက် အယ်လ်ဒီနိုဗယ်ဟာ ဂျပန်ကို စက်တင်ဘာ ၆ ရက်မှာ ရောက်ရှိခဲ့ပြီးနောက် နှစ်ရက်အကြာမှာ အင်ဒိုနီးရှားကို ပြန်သွားခဲ့ပြီး ယခုအခါ မိသားစုနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က