GoAir လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ပျံသန်းနေစဉ် ဖြစ်ခဲ့တာပါ။

အိန္ဒိယနိုင်ငံမှ လေယာဉ်စီးခရီးသည်တစ်ဦးဟာ လေယာဉ်ပျံသန်းနေစဉ်အတွင်း လေယာဉ်အနောက်ဘက် အရေးပေါ်ရွှေ့ပြောင်း ထွက်ပေါက်တံခါးကို အိမ်သာတံခါးထင်ပြီး မှားယွင်းဖွင့်ရန် ကြိုးပမ်းခဲ့တဲ့ဖြစ်ရပ်ကြောင့် ဝရုန်းသုန်းကားဖြစ်ခဲ့တယ်လို့ လေကြောင်းလိုင်းနဲ့ သတင်းဌာနတွေက ပြောပါတယ်။

Photo: GoAir Facebook





အဆိုပါ ခရီးသည်အမျိုးသားက GoAir လေကြောင်းလိုင်းမှ လေယာဉ်ဖြင့် နယူးဒေလီကနေ ပတ်တ်နာကို ပြီးခဲ့တဲ့ စနေနေ့ (စက်တင်ဘာ ၂၂ ရက်) က လေယာဉ်စီးသွားရောက်ခဲ့စဉ် ထိုသို့ တံခါးမှားဖွင့်ရန် လုပ်ဆောင်ခဲ့မိတာလို့ ဆိုပါတယ်။

"လေယာဉ်ပေါ်က အခြား ခရီးသည်တစ်ဦးက အနောက်ဘက် ထွက်ပေါက်တံခါးကို ဖွင့်နေတာကို အော်ဟစ်သတိပေးခဲ့ပါတယ်၊ တံခါးမှားဖွင့်တဲ့ ခရီးသည်အမျိုးသားကို လေယာဉ်အမှုထမ်းတွေက သူ့ကို ဟန့်တားဆွဲခေါ်ခဲ့ရပါတယ်" လို့ GoAir က AFP သတင်းဌာနကို ပေးပို့ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယမီဒီယာတွေရဲ့ အဆိုအရ အသက် ၂၆ နှစ်ကျော်ရှိနိုင်တဲ့ ခရီးသည်အမျိုးသားဟာ ပထမဆုံးအကြိမ် လေယာဉ်စီးဖူးသူ ဖြစ်တယ်လို့ သိရပါတယ်။

Photo: FoxNews



၎င်းက လေယာဉ်အနောက်ဘက် ထွက်ပေါက်တံခါးကိုဖွင့်ရန် ကြိုးပမ်းနေစဉ် အခြား ခရီးသည်တွေက မေးမြန်းခဲ့ရာ အိမ်သာဝင်ရန် အလျင်လိုနေကြောင်းပြောပြီး တံခါးလက်ကိုင်ကို ဆောင်ဆွဲနေခဲ့တယ်လို့ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားပြီး ကိုလ်ကတ္တားအခြေစိုက် The Telegraph သတင်းစာက ဖော်ပြခဲ့ပါတယ်။

ထိုအမျိုးသားက လေယာဉ်အနောက်ဘက် ထွက်ပေါက်တံခါးကို ဆွဲဖွင့်နေတာ တွေ့ခဲ့ရတာကြောင့် လေယာဉ်တစ်စီးလုံး ဝရုန်းသုန်းကား ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

"သူက သူ့ဘဝမှာ ပထမဆုံးအကြိမ် လေယာဉ်စီးဖူးတာဆိုတော့ အိမ်သာတံခါးနဲ့ လေယာဉ်ထွက်ပေါက်တံခါးကို သေချာမခွဲခြားနိုင်ခဲ့ဘူးလို့ ပြောခဲ့တယ်" လို့ လေဆိပ်တာဝန်ရှိသူက သတင်းစာကိုပြောခဲ့ပါတယ်။

Photo: India Times



တံခါးမှားဖွင့်ရန် ကြိုးပမ်းခဲ့တဲ့ ခရီးသည်အမျိုးသားကို နောက်ထပ် စစ်ဆေးမေးမြန်းမှု ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း GoAir လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။ ဝရုန်သုန်းကား ဖြစ်ခဲ့ရတဲ့ လေယာဉ်ဟာ မူလခရီးစဉ်အတိုင်း ပတ်တ်နာကို ဘေးကင်းစွာ ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ခရီးသည်အမျိုးသားဟာ လေယာဉ်အနောက်ဘက် ထွက်ပေါက်တံခါးကို အိမ်သာတံခါးထင်ပြီး မှားဖွင့်နေခဲ့ပေမဲ့ လေယာဉ်ကိုယ်ထည်အတွင်း လေဖိအားကြောင့် မပွင့်သွားခဲ့ဘူးလို့ လေကြောင်းလိုင်းပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က