တိုက်ခန်းအတွင်းနဲ့ အနီးအနားရှိ နေရာတစ်ခုမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မက္ကစီကိုမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကလေးလက်တွန်းလှည်းတစ်ခုထဲထည့်ပြီး သယ်ယူသွားနေတဲ့ စုံတွဲတစ်တွဲကို ရဲတပ်ဖွဲ့က အနည်းဆုံး လူသတ်မှု ၁၀ ခုနဲ့ ဆက်နွယ်မှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။



အမျိုးသမီးတွေကို သတ်ခဲ့သည့် ဂျူအန်ကားလို့စ်စုံတွဲ (Photo: SCMP)



အဆိုပါစုံတွဲကို ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမေးမြန်းခဲ့ရာမှာ အမျိုးသားဖြစ်သူက အမျိုးသမီး ၂၀ ဦးကို မက္ကစီကိုမြို့စွန် တစ်နေရာမှာ သတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။ စုံစမ်းရေးမှူးတွေက ထိုစုံတွဲရဲ့ တိုက်ခန်းအတွင်းနဲ့ အနီးအနားရှိ နောက်ထပ် နေရာတစ်ခုမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

၎င်းတို့က လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပုံးတွေထဲထည့်ကာ ဘိလပ်မြေလောင်းထားပြီး ရေခဲသေတ္တာထဲမှာလည်း ထည့်ထားခဲ့တယ်လို့ ဆိုပါတယ်။ ထိုစုံတွဲဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောင်းချခဲ့တယ်လို့ သိရပေမဲ့ မည်သူ့ကို ရောင်းချခဲ့ကြောင်းကိုတော့ အတိအကျ မသိရသေးပါဘူး။

အမျိုးသမီးများ အသတ်ခံရမှုကို ဆန္ဒပြစဉ် (Photo: CGTN)



မက္ကစီကိုမှာ အမျိုးသမီးများ အသတ်ခံရမှုတွေ ဖြစ်ပွားလေ့ရှိပြီ တရားခံဟာ ပြစ်ဒဏ်မခံရဘဲ အမှုပြီးဆုံးသွားလေ့ ရှိပါတယ်။ သို့သော် အမျိုးသမီးအများအပြား အသတ်ခံခဲ့ရတဲ့ ယခုအမှုကိစ္စကို သိရှိပြီးနောက် ဒေါသတကြီး ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့စုံတွဲကို တွေ့ရတဲ့အချိန်တိုင်းမှာ ကလေးလက်တွန်းလှည်းကို တွန်းသွားနေခဲ့တယ်လို့ အိမ်နီးချင်းတွေက ပြောကြပါတယ်။

ရဲတပ်ဖွဲ့က စက်တင်ဘာလအတွင်း အသက် ၂၈ နှစ်အရွယ် Nancy Huitron အမည်ရှိ အမျိုးသမီးနဲ့ ၎င်းရဲ့ နှစ်လအရွယ် ဗယ်လင်တီနာ အမည်ရှိ ကလေးငယ်တို့ ပျောက်ဆုံးခဲ့ပြီးနောက် လက်တွန်းလှည်တွန်းလာတဲ့ အဆိုပါစုံတွဲကို ရပ်တန့်စစ်ဆေးခဲ့ရာမှ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေ့ရှိရပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Nancy Huitron ပျောက်ဆုံးမှု ကြော်ငြာ (Photo: Edomex Prosecutor's Office)



စစ်ဆေးမေးမြန်းမှုအရ ၎င်းရဲ့အမည်ဟာ ဂျူအန်ကားလို့စ်ဖြစ်တယ်လို့ ပြောကြားခဲ့သူ အမျိုးသားက ပျောက်ဆုံးနေတဲ့ Nancy ကို သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင် အသက် ၂၃ နှစ်အရွယ် Arlet Olguin နဲ့ အသက် ၂၉ နှစ်အရွယ် Evelyn Rojas အမည်ရှိ အမျိုးသမီးနှစ်ဦးကိုလည်း သတ်ခဲ့တယ်လို့ ၎င်းက ထွက်ဆိုခဲ့ပါတယ်။

ဂျူအန်ကားလို့စ်က အချို့အမျိုးသမီးတွေကို မသတ်မီမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခဲ့ကြောင်း၊ ၎င်းတို့ရဲ့ ပစ္စည်းတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို ရောင်းချခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ ဂျူအန်ကားလို့စ် သတ်ခဲ့တဲ့ အမျိုးသမီးတွေအနက် သုံးဦးဟာ ညီအမတွေဖြစ်ကြပြီး လတ်တလော လပိုင်းအတွင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မက္ကစီကိုမြို့ မြင်ကွင်းတစ်ခု (Photo: AFP)



Nancy Huitron အမည်ရှိ အမျိုးသမီးကတော့ သမီးကြီးနှစ်ဦးကို ကျောင်းလိုက်ပို့ပြီးနောက် နှစ်လအရွယ် သမီးအငယ်ဆုံးနဲ့အတူ စက်တင်ဘာ ၆ ရက်မှာ ပျောက်ဆုံးခဲ့ပါတယ်။ Nancy က သမီးနှစ်ဦးကို ကျောင်းလာမကြိုတာကို အိမ်နီးချင်းတစ်ဦးက သိရှိသွားပြီးနောက် ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ယခုအခါ Nancy နဲ့အတူ ပျောက်ဆုံးသွားတဲ့ နှစ်လအရွယ် ဗယ်လင်တီနာကို ဂျူအန်ကားလို့စ်စုံတွဲက ရောင်းစားခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့က ပြန်ရှာတွေ့ခဲ့ပြီး Nancy ရဲ့မိခင်ထံ အပ်နှံခဲ့ကြောင်း သိရပါတယ်။

Map: BBC



အသတ်ခံရတဲ့ အမျိုးသမီးတွေဟာ ဂျူအန်ကားလို့စ်နဲ့ ၎င်းရဲ့ လက်တွဲဖော်အမျိုးသမီး ပက်ထရစ်ရှာတို့ကို ယခင်ကတည်းက သိကျွမ်းခဲ့ကြကြောင်းနဲ့ ထိုစုံတွဲထံမှ အဝတ်အထည်နဲ့ အစားအစာများ ဝယ်ယူကြကြောင်း စုံစမ်းရေးမှူးတွေက ပြောပါတယ်။

စစ်ဆေးမေးမြန်းမှုအရ ပက်ထရစ်ရှာက အမျိုးသမီးတွေကို ကုန်ပစ္စည်းအသစ်တွေရှိကြောင်းနဲ့ လိုက်ကြည့်ရန်အတွက် ၎င်းတို့စုံတွဲရဲ့ နေအိမ်ကို လိမ်လည်ခေါ်ဆောင်ခဲ့ပြီးနောက် သတ်ပစ်ခဲ့ကြတယ်လို့ သိရပါတယ်။

မက္ကစီကိုနိုင်ငံမှာ မက္ကစီကိုပြည်နယ်ဟာ အမျိုးသမီးများ ပျောက်ဆုံးမှုအများဆုံး ဖြစ်ပွားနေတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ယခုနှစ် ဇန်နဝါရီနဲ့ ဧပြီလအတွင်း မက္ကစီကိုပြည်နယ်မှာ လူ ၃၉၅ ဦး ပျောက်ဆုံးခဲ့ရာ ၂၀၇ ဦးဟာ အမျိုးသမီးများ ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က