ဖခင်က မူးယစ်ဆေးသုံးလို့ ဆူပူခဲ့တာကြောင့် သတ်ပစ်ခဲ့တာလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ မူးယစ်ဆေးကြောင်နေတဲ့ အသက် ၅၂ နှစ်အရွယ် သားဖြစ်သူက ၎င်းရဲ့ မသန်းစွမ်းသူ ဖခင်ကိုသတ်ပြီး ခေါင်းဖြတ်ကာ ခန္ဓာကိုယ်ကို ခြောက်ပိုင်းပိုင်းထားမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၉ ရက်) ပြောပါတယ်။



အသတ်ခံရသူ အသက် ၇၄ နှစ်အရွယ် ယူဆူကင်မ်ရဲ့ ဦးခေါင်းကို Kampung Kanthan Baru ရှိ ၎င်းတို့ရဲ့ နေအိမ်အနောက်ဘက်မှာ မြှုပ်နှံထားတာ ရှာဖွေတွေ့ခဲ့ရပြီး ကျန်အစိတ်အပိုင်းတွေကိုတော့ မိလ္လာကန်အတွင်းမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: The Star



Perak Crime Investigation Department မှ အကြီးအကဲ SAC Yahya Abdul Rahman ရဲ့ အဆိုအရ မသန်စွမ်း ဖခင်ကိုသတ်ပြီး အပိုင်းပိုင်းခုတ်ခဲ့တဲ့ သားဖြစ်သူဟာ ပြစ်မှုကျူးလွန်စဉ် မက်သာဖက်တမင်း (methamphetamine) မူးယစ်ဆေး အလွန်အကျွံသုံးထားကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်ဟာ ယမန်နေ့ (အောက်တိုဘာ ၈ ရက်) ညသန်းခေါင်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ "သူက မူးယစ်ဆေး အလွန်အကျွံသုံးထားပြီး ဖခင်က မူးယစ်ဆေးသုံးလို့ ဆူပူခဲ့တာကြောင့် အခုလို သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်" လို့ SAC Yahya က အခင်းဖြစ်နေရာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ထိတ်လန့်တုန်လှုပ်စရာ ယခုအဖြစ်ကို ယနေ့ (အောက်တိုဘာ ၉ ရက်) မနက် ၉ နာရီဝန်းကျင်မှာ အသတ်ခံရသူရဲ့ သမီးတစ်ဦးက စတင်တွေ့ရှိခဲ့တယ်လို့ New Straits Times သတင်းက ဖော်ပြပါတယ်။

Photo: The Star



"ကျွန်မ အဖေ့အခန်းထဲကို ဝင်သွားတော့ မွေ့ရာနဲ့ခေါင်းအုံးမှာ သွေးတွေပေနေတာ တွေ့ခဲ့ရတယ်၊ အဲဒီနောက် အိမ်နီးချင်းတစ်ဦး အကူအညီနဲ့ အဖေ့ကိုလိုက်ရှာကြတယ်၊ ဒီလို လိုက်ရှာကြရင်း အိမ်အနောက်ဘက်မှာ လောလောလတ်လတ် ကျင်တူးထားတဲ့ပုံစံမျိုး ကျွန်မတို့ တွေ့ခဲ့ကြရတယ်" လို့ အသတ်ခံရသူရဲ့ သမီးကပြောခဲ့ပါတယ်။

"အဖေက အသက်ကြီးနေပြီး မသန်စွမ်းဖြစ်သူပါ၊ ကျွန်မရဲ့မောင် (လူသတ်မှုကျူးလွန်သူ) က အဖေ့ကို ပြုစုစောင့်ရှောက်လာခဲ့တာ နှစ်အနည်းငယ်ရှိပါပြီ၊ ဒီအိမ်မှာ သူတို့နှစ်ယောက်တည်း နေကြတာပါ" လို့ သူမကဆိုပါတယ်။

ရဲတပ်ဖွဲ့က ဖခင်ကိုသတ်ခဲ့တဲ့ သားဖြစ်သူကို အခင်းဖြစ်နေအိမ်မှာပင် တွေ့ရှိခဲ့ကြပြီးနောက် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်မှာ ၎င်းကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

"ကနဦး စစ်ဆေးမှုတွေအရ အခင်းဖြစ်နေအိမ်မှာရှိတဲ့ အခန်းငါးခန်းရှိပြီး တစ်ခန်းမှာတော့ သွေးတွေပေကျံနေခဲ့ပါတယ်၊ စစ်ဆေးမေးမြန်းမှုအရ သူ့အဖေရဲ့ ဦးခေါင်းကို အိမ်အနောက်ဘက်မှာ တွင်းတူးမြှုပ်နှံထားတာ လိုက်လံ ပြသခဲ့ပါတယ်" လို့ ရဲအရာရှိက ပြောပါတယ်။

Photo: YouTube/Bernama



အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတော့ ခြောက်ပိုင်းပိုင်းပြီး အနက်ငါးပေရှိတဲ့ မိလ္လာတွင်းထဲကို ပစ်ချခဲ့တယ်လို့ ဖခင်ကိုသတ်သူက ထွက်ဆိုခဲ့ပါတယ်။ အခင်းဖြစ်နေအိမ်မှာ ၂ ပေနီးပါးရှည်တဲ့ ဓားတစ်ချောင်းကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အလောင်းကို အပိုင်းပိုင်းခုတ်ရာမှာ အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

ဖခင်ကိုသတ်ခဲ့သူဟာ မောင်နှမ လေးဦးအနက် တတိယမြောက်ဖြစ်ပြီး အငယ်ဆုံး ညီမဖြစ်သူကတော့ ယခု အခင်းဖြစ်နေအိမ်ရဲ့ နောက်ဘက်ရှိ နေအိမ်မှာပင် နေထိုင်လျက်ရှိကာ အခင်းဖြစ်တဲ့ည ၈ နာရီခန့်က ဖခင်နဲ့အစ်ကိုဖြစ်သူတို့ အော်ဟစ်စကားများနေတာ ကြားခဲ့ရတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးကြောင်ပြီး ဖခင်ကိုသတ်ခဲ့သူဟာ ဇနီးနဲ့ ကွာရှင်းထားကာ သားနှစ်ဦးရှိကြောင်း သိရပါတယ်။ ၎င်းရဲ့ သားနှစ်ဦးက စင်ကာပူမှာ အလုပ်လုပ်နေကြပါတယ်။ သံသယရှိသူဟာ ယခင်က ကန်ထရိုက်တာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပေမဲ့ လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေခဲ့တာ သုံးလကြာပြီလို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က