ယခုနှစ်ကုန်မှာ ရာထူးကနေ နုတ်ထွက်မှာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ရာထူးကနေ နုတ်ထွက်စာတင်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း နစ်ကီဟာလေး အံ့အားသင့်ဖွယ် နုတ်ထွက်မှုကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်မှာ သမ္မတထရန့်နှင့် အတူတွေ့ရသည့် နစ်ကီ (Photo: Newsweek)



နစ်ကီဟာ မယုံကြည်နိုင်လောက်အောင် အကောင်းဆုံး တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုနှစ်ကုန်မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သမ္မတထရန့်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ နစ်ကီနဲ့အတူ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သမ္မတထရန့် အစိုးရအဖွဲ့မှ အနည်းငယ်သော အမျိုးသမီးတွေအနက် တစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း နစ်ကီဟာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ၂ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွညီလာခံမှာ သမ္မတထရန့်နှင့်အတူ တွေ့ရသည့် နစ်ကီ (Photo: Getty Images)



ရာထူးမှနုတ်ထွက်ရတဲ့ အကြောင်းပြချက်ကိုတော့ နစ်ကီက ပြောကြားခြင်းမရှိခဲ့ပါဘူး။ သို့သော် လာမယ့် ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရန်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုမှုတွေကိုတော့ နစ်ကီက ပယ်ချခဲ့ပါတယ်။ နစ်ကီက သမ္မတထရန့်အတွက် စည်းရုံးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

"ကျွန်မ ဘာလုပ်သွားမယ်ဆိုတာ စီစဉ်မထားရသေးပါဘူး" လို့လည်း နစ်ကီက ပြောခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့မှုအတွက် သမ္မတထရန့်ကို ကျေးဇူးတင်ကြောင်းနဲ့ သူမရဲ့ဘဝမှာ ဂုဏ်ယူစရာတစ်ခု ဖြစ်ကြောင်းလည်း နစ်ကီက ပြေပါတယ်။

အိမ်ဖြူတော်မှာ သမ္မတထရန့်နှင့် အတူတွေ့ရသည့် နစ်ကီ (Photo: Newsweek)

နစ်ကီဟာလေး (Nikki Haley)

- Nimrata Randhawa အမည်ဖြင့် ရွှေ့ပြောင်းနေထိုင်သူ အိန္ဒိယမိဘနှစ်ဦးက မွေးဖွားခဲ့ပါတယ်။ တောင်ကာရိုလိုင်းနားပြည်နယ် Bamberg မှာ ဆစ်ခ်ဘာသာဝင်တစ်ဦးအဖြစ် ကြီးပြင်းခဲ့ပြီး နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာကို ကူးပြောင်းခဲ့ပါတယ်။

- သူမရဲ့ ပထမဆုံး အလုပ်ဟာ အသက် ၁၃ နှစ်အရွယ်က မိသားစုပိုင် အဝတ်အထည်စတိုးဆိုင်မှာ စာရင်းမှတ်ရတဲ့အလုပ် ဖြစ်ခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး (Photo: Xinhua)



- ၂၀၁၀ ခုနှစ်မှာ တောင်ကာရိုလိုင်းနားပြည်နယ်ရဲ့ ပထမဆုံးအမျိုးသမီးနဲ့ ပထမဆုံး လူနည်းစုမှဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့တဲ့ နစ်ကီဟာ အမေရိကန်ရဲ့ အသက်အငယ်ဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမဟာ ၂၀၁၄ ခုနှစ်မှာလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရပါတယ်။

- ၂၀၁၅ ခုနှစ်အတွင်း တောင်ကာရိုလိုင်းနားပြည်နယ် Charleston မြို့မှာ ဘုရားကျောင်းသွားတဲ့ လူမည်းတွေကို ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ်လွှတ်တော် အဆောက်အအုံမှာ လွှင့်ထူထားတဲ့ မဟာမိတ်အလံကို နစ်ကီက ဖယ်ရှားပစ်ခဲ့မှုအပေါ် အမေရိကန်တစ်ဝှမ်း ဝိုင်းဝန်းချီးမွှမ်းခဲ့ကြပါတယ်။

- ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း အစောပိုင်းမှာ နစ်ကီက ဒေါ်နယ်ထရန့်ကို ထောက်ခံအားပေးခဲ့ခြင်းမရှိဘဲ ဖလော်ရီဒါပြည်နယ် လွှတ်တော်အမတ် မာကိုရူဘီအိုကို ထောက်ခံခဲ့ပါတယ်။

- နစ်ကီဟာ Army National Guard တပ်ဖွဲ့မှ ဗိုလ်ကြီးမိုက်ကယ်ဟာလေးနဲ့ လက်ထပ်ခဲ့ပြီး ၎င်းတို့မှာ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ဦးရှိပါတယ်။

Share

Loading Next Article...
က္က