ဖော်ရွေမှုထက် သတိဝီရိယ ပိုမိုရှိနေစေရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ လေဆိပ်တွေမှာ လုံခြုံရေးတာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အလွန်အကျွံ ပြုံးရယ်ခြင်းမပြုကြရန် ညွန်ကြားချက်ထုတ်ပြန်ထားကြောင်း ဒေသခံမီဒီယာတွေက ပြောပါတယ်။



Photo: Reuters



၂၀၀၁ ခုနှစ် အမေရိကန် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရခြင်းဟာ တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုအပ်တာထက်ပိုပြီး တရင်းတနှီး ပြုမူဆက်ဆံခဲ့မှုကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက အပြစ်ဖို့ပြောကြားကြောင်း ဒေသခံမီဒီယာတွေက ယနေ့ (အောက်တိုဘာ ၉ ရက်) ပြောပါတယ်။

အိန္ဒိယ လေကြောင်းပျံသန်းမှု ဘေးကင်းလုံခြုံရေး အာဏာပိုင်အဖွဲ့ Central Industrial Security Force (CISF) က လေဆိပ်လုံခြံရေး ရဲတပ်ဖွဲ့ဝင်တွေကို 'အလွန်အကျွံပြုံးရယ်မှု' မှ 'လိုအပ်သလောက်သာ ပြုံးရယ်မှု' သို့ ပြောင်းလဲကျင့်သုံးရန် ညွန်ကြားထားကြောင်း Indian Express သတင်းက မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ပါတယ်။

Photo: AFP



ယခု အပြောင်းအလဲက CISF အနေနဲ့ ဖော်ရွေမှုထက် သတိဝီရိယ ပိုမိုရှိနေစေရန် ရည်ရွယ်ကြောင်းလည်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေတဲ့ Indian Express သတင်းစာက ပြောပါတယ်။

"ကျွန်တော်တို့ ခရီးသည်တွေနဲ့ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီး မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အမေရိကန်မှာ ၉/၁၁ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဟာ ခရီးသည်တွေကို လိုအပ်တာထက်ပိုပြီး တရင်းတနှီးဆက်ဆံမှုနဲ့ ယုံကြည်မှုကြောင့်ပဲ ဖြစ်ပါတယ်" လို့ CISF အကြီးအကဲ ရာဂျက်ရှ်ရန်ဂျန်က ပြောခဲ့ပါတယ်။

Photo: AFP



လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အပြုအမူပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး နိုင်ငံတကာအကြံပေးသူများနဲ့ သင်ကြားစေမယ်လို့ ရန်ဂျန်ကဆိုပါတယ်။ အိန္ဒိယမှာ ဆက်သွယ်ရေးစနစ် ပိုမိုကောင်းမွန်လာမှုနဲ့ ခရီးသွားစရိတ် ပိုမိုသက်သာလာမှုကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ခရီးသည်ဝင်ရောက်မှု ခြောက်ဆတိုးမြင့်လာခဲ့တယ်လို့ သိရပါတယ်။

သို့သော် ခရီးသည်များပြားလာမှုနဲ့အတူ အိန္ဒိယတဝှမ်းရှိ လေဆိပ်တွေမှာ ဝန်ဆောင်မှုနဲ့ ဘေးကင်းလုံခြုံမှု တိုးမြှင့်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး သုံးစွဲရန်လိုအပ်နေကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က