ဟာရီကိန်းမိုက်ကယ်ဟာ ဒေသစံတောချိန် အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းမှာ ဖလော်ရီဒါကို ဝင်ရောက်မှာဖြစ်ပါတယ်။

အမေရိကန်ကို ဦးတည်တိုက်ခတ်နေတဲ့ ဟာရီကိန်းမုန်တိုင်း မိုက်ကယ်ဟာ ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ အလွန်အန္တရာယ်ကြီးတဲ့ ပြင်းအားအဆင့် ၄ (category 4) မုန်တိုင်းကြီးအဖြစ်သို့ ပိုမိုအားကောင်းလာခဲ့ကြောင်း သိရပါတယ်။

Photo: AFP



ဟာရီကိန်းမိုက်ကယ် (Hurricane Michael) ဟာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၅ မိုင်နှုန်းဖြင့် တိုက်ခတ်နေပြီး ဒေသစံတော်ချိန် ယနေ့ (အောက်တိုဘာ ၉ ရက်) နေ့လယ်ပိုင်းမှာ ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။မုန်တိုင်းအန္တရာယ်ကြောင့် ဖလော်ရီဒါပြည်နယ်မှာ လူဦးရေ ၃၇၀,၀၀၀ ကို ပိုမိုမြင့်တဲ့ နေရာများသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

နောက်ဆုံး သတင်းတွေအရ ဟာရီကိန်းမိုက်ကယ် ဖြတ်သန်းတိုက်ခတ်မယ့် လမ်းကြောင်းတစ်လျှောက် နေထိုင်ကြသူတွေဟာ ရွှေ့ပြောင်းရန် အချိန်မမီတော့ကြောင်းနဲ့ နေအိမ်အတွင်း သို့မဟုတ် အကာအကွယ်ရှိတဲ့ နေရာတွေမှာ နေထိုင်ကြရန် အမေရိကန် အာဏာပိုင်တွေကပြောကြောင်း သိရပါတယ်။

Photo: OkaloosaSheriff/Twitter

ဟာရီကိန်းမိုက်ကယ်ဟာ ဖလော်ရီဒါ ပင်လယ်ကွေ့ကမ်းရိုးတန်းကို နှစ်ပေါင်း ၁၀၀ အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေအနက် အားအကောင်းဆုံး ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင့် မမှန်းဆနိုင်တဲ့ အပျက်အစီးတွေ ဖြစ်ပေါ်နိုင်ကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ခ်စကော့က သတိပေးခဲ့ပါတယ်။

ဟာရီကိန်းမုန်တိုင်းအရှိန်ကြောင့် ဗဟိုအမေရိကမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အတွင်း မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။မုန်တိုင်းဝင်ရောက်မယ့် ဖလော်ရီဒါပြည်နယ်မှာ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်ထိ ဟာရီကိန်းမိုက်ကယ်ဟာ အလွန်အန္တရာယ်ကြီးတဲ့ ဟာရီကိန်းအဖြစ် တိုက်ခတ်နေကြောင်း မီယာမီအခြေစိုက် National Hurricane Center (NHC) က သတင်းထုတ်ပြန်ထားပါတယ်။

Photo: Getty Images

ဟာရီကိန်းမုန်တိုင်းကြောင့် အရှေ့မြောက်ပင်လယ်ကွေ့ ကမ်းရိုးတန်းဒေသမှာ ပင်လယ်ရေလှိုင်းများ မြင့်တက်မှု၊ လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။ဒေသစံတော်ချိန် ယနေ့မနက် ၇ နာရီအချိန် တိုင်းထွာချက်အရ ဟာရီကိန်းမိုက်ကယ်ဟာ ဖလော်ရီဒါပြည်နယ် ပနားမားမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၉၀ အကွာ ပင်လယ်ပြင်မှာ တည်ရှိနေကြောင်း သိရပါတယ်။

ဟာရီကိန်းမိုက်ကယ် တိုက်ခတ်မှုကြောင့် ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းဒေသအချို့မှာ ပင်လယ်ရေလှိုင်းအမြင့် ၁၄ ပေအထိ တက်ရောက်လာနိုင်ကြောင်း NHC က သတိပေးချက် ထုတ်ပြန်ထားပါတယ်။မုန်တိုင်းကြောင့် မိုးရေချိန် ၁၂ လက်မအထိ ရွာသွန်းနိုင်ပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်းလည်း တာဝန်ရှိသူတွေက ပြောထားပါတယ်။ ဟာရီကိန်းမိုက်ကယ်ဟာ လက်ရှိမှာ မြောက်ဘက်သို့ တစ်နာရီလျှင် ၁၃ မိုင်နှုန်းဖြင့် ရွေ့လျားနေကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က