ဒေသခံတွေ အိပ်ပျော်နေစဉ် ငလျင်လှုပ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနဲ့ ဘာလီကျွန်းကမ်းလွန်မှာ ယနေ့ (အောက်တိုဘာ ၁၁ ရက်) မနက်အစောပိုင်းက ရစ်(ခ်)တာစကေး ၆.၀ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုအတွင်း လူသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

Photo: AFP

ငလျင်လှုပ်မှုအတွင်း သေဆုံးခဲ့သူတွေဟာ အရှေ့ဂျာဗားရှိ Sumenep ဒေသမှဖြစ်ပြီး အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောခဲ့ပါတယ်။ "ငလျင်က ဒီနေ့မနက်အစောကြီး သူတို့အိပ်ပျော်နေချိန်မှာ လှုပ်ခတ်ခဲ့တာဆိုတော့ သူတို့ ရွှေ့ပြောင်းချိန်မရလိုက်ပါဘူး" လို့ နူဂရိုဂိုက ရှင်းပြပါတယ်။ ယခုငလျင်ကြောင့် ပျက်စီးမှုအများအပြား မဖြစ်ခဲ့ဘူးလို့လည်း ၎င်းကဆိုပါတယ်။



Map: OpenStreetMap

ငလျင်လှုပ်ပြီနောက် ဆူနာမီရေလှိုင်းလည်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ ငလျင်ဗဟိုပြုလှုပ်ခတ်တဲ့နေရာဟာ ဂျာဗားကျွန်းအရှေ့ဘက်စွန်း ကမ်းရိုးတန်းမှ ၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒဆိုင်ရာဝက်ဘ်ဆိုက် USGS က ဖော်ပြထားပါတယ်။ ငလျင်လှုပ်မှုကို အားလပ်ရက်အပန်းဖြေသူတွေ လာရောက်လည်ပတ်ကြတဲ့ ဘာလီကျွန်းပေါ်ရှိ Denpasar မြို့မှာလည်း ခံစားသိရှိရတယ်လို့ ဆိုပါတယ်။ ငလျင်ဟာ ပင်လယ်ကြမ်းပြင်အောက် ၆ မိုင်ကျော်မှာ လှုပ်ခတ်သွားခဲ့ကြောင်းလည်း USGS က ပြောထားပါတယ်။

Photo: AFP

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနဲ့ ဘာလီကျွန်းမှာ ငလျင်လှုပ်ပြီးနောက် နှစ်နာရီမပြည့်မီမှာပင် ပါပူးအာနယူးဂီနီနိုင်ငံမှာလည်း ရစ်(ခ်)တာစကေး ၇.၀ ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။ ပါပူးအာနယူးဂီနီမှာ ငလျင်လှုပ်ပြီးနောက် ဆူနာမီရေလှိုင်းသတိပေးချက်ကို နာရီအနည်းငယ်ကြာ ထုတ်ပြန်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ ပြန်ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။

Photo: AFP

အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ဆူလာဝေစီကျွန်းရှိ ပါလူမြို့မှာ ရစ်(ခ်)တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ပြီး ၅ ပေမှ ပေ ၂၀ အထိမြင့်တဲ့ ဆူနာမီရေလှိုင်း တက်ရောက်ခဲ့မှုကြောင့် လူ ၂,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး အခြား လူ ၅,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က