AD
AD
AD

နိုင်ငံတကာအာကာသစခန်းကိုသွားရောက်တဲ့ အာကာသယာဉ်မှူးနှစ်ဦးလိုက်ပါတဲ့ ရုရှားနိုင်ငံမှ ဆိုယုဇ်အာကာသယာဉ် ထွက်ခွာရာမှာ ဒုံးပျံလွှတ်တင်မှု မအောင်မြင်ဘဲ ချို့ယွင်းသွားခဲ့ပေမဲ့ အာကာသယာဉ်မှူးတွေ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

play
Photo: Reuters


အဆိုပါ ဒုံးပျံကို ကာဇက်စတန်နိုင်ငံရှိ ဆိုဗီယက်ခေတ်မှာ Baikonur လွှတ်တင်ရေးစခန်းကနေ ဒေသစံတော်ချိန် ယနေ့ (အောက်တိုဘာ ၁၁ ရက်) မွန်းလွဲ ၂ နာရီ ၄၀ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) သို့ သွားရောက်တဲ့ အာကာသခရီးစဉ်ဟာ အချိန် ၆ နာရီ ကြာမြင့်မယ်လို့ဆိုပါတယ်။

play
အာကာသယာဉ်မှူးနှစ်ဦးကို ကျန်းမာရေးစစ်ဆေးနေစဉ် (Photo: RT)


သို့သော် ဆိုယုဇ်အာကာသယာဉ်ကို ကမ္ဘာပတ်လမ်းကြောင်းသို့ ပို့ဆောင်ပေးတဲ့ ဒုံးပျံဟာ လွှတ်တင်ပြီး စက္ကန့် ၉၀ ကြာ ပျံသန်းခဲ့ပြီးနောက် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဒုံးပျံဟာ ကနဦး လွှတ်တင်မှုအဆင့်မှာ အဆင်ပြေခဲ့ပေမဲ့ ပိုမြင့်တဲ့ လေထုအတွင်းနေရာကို ရောက်ရှိသွားချိန်မှာ ၎င်းရဲ့ တွန်းကန်အားမြှင့် ကိရိယာတွေ ပုံမှန်အလုပ်လုပ်ဘဲ ချို့ယွင်းမှုဖြစ်ခဲ့ပါတယ်။

play
အာကာသယာဉ်မှူး Alexey Ovchinin နဲ့ Nick Hague (Photo: CNN)


ထိုသို့ ဒုံးပျံချို့ယွင်းမှု ဖြစ်ခဲ့တာကြောင့် အာကာသယာဉ်မှူးနှစ်ဦးက မြေပြင်ကို အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ပြီး ရေဒီယိုဆက်သွယ်ရေးစက်ဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်ခဲ့ကြောင်း သိရပါတယ်။

ကယ်ဆယ်ရေးတွေက အာကာသယာဉ်မှူးတွေကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး ၎င်းတို့နှစ်ဦးလုံး ကျန်းမာရေးကောင်းပြီး ဘေးကင်းခဲ့တယ်လို့ ဆိုပါတယ်။

play
အာကာသယာဉ်မှူးနှစ်ဦးကို သွားရောက်ခေါ်ဆောင်လာစဉ် (Photo: CNN)


ယခုဖြစ်ရပ်မှာ ဆိုယုဇ်အာကာသယာဉ်နဲ့အတူ ရုရှားအာကာသယာဉ်မှူး Alexey Ovchinin နဲ့ အမေရိကန်အာကာသယာဉ်မှူး Nick Hague တို့ လိုက်ပါသွားကြတာ ဖြစ်ပါတယ်။

အဆိုပါ အာကာသယာဉ်မှူးနှစ်ဦးဟာ ISS မှာ ခြောက်လကြာနေထိုင်ပြီး သိပ္ပံဆိုင်ရာ စမ်းသပ်မှုတွေပြုလုပ်ရန် စီစဉ်ထားခဲ့ကြောင်းလည်း သိရပါတယ်။

အာကာသခရီးစဉ်အတွင်း သေဆုံးခဲ့မှုများ

၂၀၀၃ ခုနှစ် - ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်လာတဲ့ ကိုလံဘီယာ (Columbia) အာကာသယာဉ်ရဲ့ အပူခံပြား ပျက်စီးမှုကြောင့် ပေါက်ကွဲပျက်ကျခဲ့ပြီး လိုက်ပါလာတဲ့ အာကာသယာဉ်မှူး ၇ ဦး သေဆုံးခဲ့ပါတယ်။

၁၉၈၆ ခုနှစ် - ချယ်လင်ဂျာ (Challenger) အာကာသယာဉ်ပေါ်ရှိ လောင်စာဆီသိုလှောင်ကန် ပေါက်ကွဲမှုဖြစ်ပြီး ပျက်ကျမှုကြောင့် အာကာသယာဉ်မှူး ၇ ဦး သေဆုံးခဲ့ပါတယ်။

play
Challenger အာကာသယာဉ် ပေါါက်ကွဲမှုအတွင်း သေဆုံးခဲ့သူများ (Photo: Wikipedia)


၁၉၇၁ ခုနှစ် - Salyut 1 အာကာသစခန်းကနေ ပြန်လည်ထွက်ခွာလာခဲ့တဲ့ ဆိုယုဇ် ၁၁ (Soyuz 11) အာသာယာဉ်မှာ လေမလုံမှုဖြစ်ခဲ့ရာမှ လိုက်ပါလာတဲ့ အာကာသယာဉ်မှူး ၃ ဦး အသက်ရှူမွန်းကျပ်မှု ဖြစ်ခဲ့ပါတယ်။ အဆိုပါ အာကာသယာဉ် မြေပြင်သို့ ပြန်လည်ရောက်ရှိလာချိန်မှာ အာကာသယာဉ်မှူးတွေကို ယာဉ်အတွင်းမှာ သေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။

၁၉၆၇ ခုနှစ် - ဆိုယုဇ် ၁ (Soyuz 1) အာကာသယာဉ် ပျက်ကျမှုအတွင်း အာကာသယာဉ်မှူးတစ်ဦးက လေထီးဖြင့် ဆင်းသက်ခဲ့ပေမဲ့ လေထီးရှုပ်ထွေးမှုဖြစ်ပြီး ပြုတ်ကျခဲ့ရာမှ သေဆုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD