သြရိသျှနဲ့ အင်ဒါရာပရာဒက်ရှ် ပြည်နယ်တွေကို ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Titli ဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် ရာနဲ့ချီပျက်စီးခဲ့ကြောင်း သိရပါတယ်။



e863de0aaf154f0798436f05c02a6fdc_18.jpg

Photo: NiteshFanaaS via Storyful



ဆိုင်ကလုန်း Titli ဟာ အိန္ဒိယကမ်းရိုးတန်း ဒေသတွေဖြစ်တဲ့ သြရိသျှနဲ့ အင်ဒါရာပရာဒက်ရှ် ပြည်နယ်တွေကို လေတိုက်နှုန်း တစ်နာရီလျှင် ၉၃ မိုင်ဖြင့် ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) က ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။

Titli ဟာ အစောပိုင်းမှာ အလွန်အားကောင်းတဲ့ ဆိုင်းကလုန်းမုန်တိုင်းကြီးအဖြစ် တိုက်ခတ်နေခဲ့ရာမှာ အိန္ဒိယအရှေ့ပိုင်း ကမ်းရိုးတန်းကိုဝင်ရောက်ခဲ့ရာမှာတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့တယ်လို့ ဆိုပါတယ်။

Photo: AFP



သြရိသျှပြည်နယ် အနိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြတဲ့ လူဦးရေ ၃၀၀,၀၀၀ ကို မုန်တိုင်းအန္တရာယ်ကြောင့် ရွှေ့ပြောင်းပေးထားခဲ့ကြောင်းလည်း သိရပါတယ်။ ဆိုင်းကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လမ်းပိတ်ဆို့မှုတွေနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ နေရာအများအပြားမှာ ဖြစ်ပေါ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

"ဓာတ်အားလိုင်းတိုင် ၆,၀၀၀ ကနေ ၇,၀၀၀ အထိ လဲကျသွားခဲ့ဖွယ်ရှိပါတယ်" လို့ အင်ဒရာပရာဒက်ရှ်ပြည်နယ် Srikakulam ခရိုင် အုပ်ချုပ်ရေးမှူး K Dhananjaya Reddy က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ လူဦးရေ ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ ဝန်းကျင်ဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေရကြောင်းလည်း ၎င်းကဆိုပါတယ်။

Photo: Daitari Gouda/Twitter



မုန်တိုင်းတိုက်ခတ်မှုအတွင်း သေဆုံးခဲ့သူအားလုံးဟာ အင်ဒရာပရာဒက်ရှ်မှ ဖြစ်တယ်လို့သိရပါတယ်။ ဆိုင်ကလုန်း Titli ဖြတ်သန်းတိုက်ခတ်မှုကြောင့် နေရာဒေသအများအပြားမှာ သောက်ရေပြတ်လပ်မှုဖြစ်မှာကို စိုးရိမ်နေရကြောင်း အင်ဒရာပရာဒက်ရှ်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ဌာနမှ အကြီးအကဲ D Varaprasad က ပြောပါတယ်။

Photo: Indian Express



မုန်တိုင်းဖြတ်သန်းတိုက်ခတ်မှုကြောင့် သြရိသျှပြည်နယ်အတွင်းရှိ ကျောင်းများကို ယခုတစ်ပတ် စာသင်ရက်များမှာ ပိတ်ထားမယ်လို့ ပြည်နယ်ပညာရေးဌာနမှ တာဝန်ရှိသူတွေက ပြောထားပါတယ်။ သြရိသျှပြည်နယ်မှာ မုန်တိုင်းအန္တရာယ်ကြောင့် ရွှေ့ပြောင်းခဲ့ရသူတွေကို ယာယီခိုလှုံရေးစခန်း ၁,၁၀၀ မှာ နေရာချထားပေးကြောင်းလည်း သိရပါတယ်။

Photo: DMH Facebook

 

မြန်မာနိုင်ငံနဲ့ ဆိုင်ကလုန်း Titli

ဆိုင်ကလုန်းမုန်တိုင်း Titli အရှိန်ကြောင့် မြန်မာနိုင်ငံမှာလည်း နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယမန်နေ့ည ၇ နာရီမှာ ထုတ်ပြန်ခဲ့တဲ့ ဆိုင်းကလုန်းမုန်တိုင်းသတင်းမှာ သတိပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က